Thursday, March 7, 2019

ပြင်သစ် ကွန်ဆာဆားအကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦးက အစောင့်များကို ဓားဖြင့်တိုက်ခိုက်


ပြင်သစ်နိုင်ငံမြောက်ပိုင်း နော်မန်ဒီရှိ ကွန်ဆာဆားအကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်မှုကြောင့် အစောင့်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်ဝါဒ ဆက်စပ်တိုက်ခိုက်မှုဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ 
အကျဉ်းသား မိုက်ကယ်ချီယိုလိုနှင့် ၎င်းထံ ထောင်ဝင်စာ လာတွေ့သော အမျိုးသမီးတို့သည် အကျဉ်းထောင်ရှိ ဧည့်တွေ့ဆောင်ကို အင်္ဂါနေ့ နံနက်ခင်းကတည်းက ပိတ်ဆို့ခဲ့ကြခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးကို အင်္ဂါနေ့ညနေပိုင်းတွင် ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ကြပြီး အဖော်အမျိုးသမီးမှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားပြီဟု သိရှိရသည်။ 

ဒဏ်ရာရရှိသော အစောင့်နှစ်ဦးအနက် တစ်ဦးမှာ ဝမ်းဗိုက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဒုတိယတစ်ဦးမှာ မျက်နှာနှင့် နောက်ကျောတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။ 

ချီယိုလိုသည် တိုက်ခိုက်နေစဉ် အလာဒာအရှင်သာ အမြတ်ဆုံးဟု ကြွေးကြော်အော်ဟစ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ 

“တကယ်ကို လူသတ်ဖို့ ကြိုးစားမှုပါပဲ။ သွေးတွေက နေရာတကာမှာ စွန်းနေတယ်။ ဧည့်တွေ့ဆောင်က တိုက်ပွဲတစ်ခုလို ဖြစ်သွားခဲ့တယ်”ဟု ထောင်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ 

ထောင်ဒဏ်နှစ်သုံးဆယ် ကျခံနေရသူ ချီယိုလိုသည် ထောင်ကျနေစဉ်အတွင်း အစွန်းရောက် အခြေခံဝါဒီ ဖြစ်လာခဲ့သည်။ ချီယိုလိုသည် ဒီဇင်ဘာလအတွင်းက စထရာဘိုးပစ်ခတ်မှု ကျူးလွန်ခဲ့သူ ချီရစ်ချီကတ် သေဆုံးခဲ့မှုအပေါ် လက်စားချေလိုခြင်းဖြစ်သည်ဟု အစိုးရရှေ့နေ ရီမီဟိတ်စ်က ပြောကြားသည်။ 

၎င်းတို့နှစ်ဦးသည် ယခင်က ထောင်ထဲတွင် ၁၇၅ ရက်ခန့် အတူနေထိုင်ခဲ့ကြဖူးပြီး နောက်ပိုင်းတွင်လည်း စာအဆက်အသွယ် ရှိခဲ့ကြသည်ဟု သိရှိရသည်။ 

ချီယိုလိုသည် အဖော်တစ်ဦးနှင့်အတူ ဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့စဉ်က ကြိုးတုပ်ထားခဲ့သော ၈၉ နှစ်အရွယ် အဘိုးအိုတစ်ဦး အသက်ရှူကျပ်ကာ သေဆုံးခဲ့မှုကြောင့် ထောင်ကျခဲ့ခြင်းဖြစ်သည်။ 

၎င်းသည် ထောင်ကျနေစဉ်အတွင်း အခန်းဖော်များအား ၂၀၁၅ ခုနှစ်က လူပေါင်းကိုးဆယ်ကျော် သေဆုံးခဲ့ရသော ပဲရစ်မြို့ ဘာတာကလန် တေးဂီတပွဲ အကြမ်းဖက်တိုက်ခိုက်မှုမျိုးကို ပြန်လည်လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သူဖြစ်သည်။

The Voice

0 comments:

Post a Comment