ရန်ကုန် - မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုစီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လုပ်ငန်း ပိုင်းဆိုင်ရာလက်မှတ်ရေးထိုးခြင်းကို မတ်လ ၁၃ ရက်တွင် စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန် မာပြည်ရုံး)မှ သိရသည်။
အဆိုပါ စီမံကိန်းကို Phase 1 ၊ Phase 2 အပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးတွင် ရန်ကုန် - တောင်ငူလမ်းပိုင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဂျပန်နိုင်ငံမှ ရထားသံလမ်းများ အပါအဝင် အခြားဆက်စပ်ပစ္စည်းများကို မှာယူထားပြီး မကြာခင်ရောက်ရှိတော့ မည်ဖြစ်ကာ တပြိုင်နက်တည်း လုပ်ငန်းစတင်မည်ဖြစ်ကြောင်း သိရသည်။
“မတ်လ ၁၃ ရက်နေ့မှာ လုပ်ငန်းပိုင်ဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးသွားမှာဖြစ်ပါတယ်။ လက်ရှိကတော့ ပစ္စည်းတွေမှာ ထားတယ်။ မကြာခင်ရောက်တော့မယ်။ လောလောဆယ် ပခူး-ညောင်လေးပင်လမ်းပိုင်းကို ဆောင်ရွက်နေတယ်။ စီမံကိန်းက ၂၀၁၉ မှစဖြစ်တာဆိုတော့ လေးနှစ်လောက်ကြာမယ်။ ၂၀၂၂ မှပြီးမယ်။ ဒီလမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့အတွက် ပြင်ဆင်နေတာ ကြာပါပြီ။ ဒါပေမဲ့ တခြားလုပ်ငန်းစဉ်တွေအတွက် တင်ဒါခေါ်ရတာတွေရှိတော့ နည်းနည်းတော့ ကြာသွားတယ်။ JICA ရဲ့အကူ အညီနဲ့ ဆိုပေမယ့် ကျန်တဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေအတွက်တော့ ကိုယ့်ဘာသာလုပ်ရမှာ။ အဆင့်မြှင့်တင်မှု ပြီးသွားရင်တော့ ကြာချိန်ကို လျှော့ချသွားနိုင်မှာပါ”ဟု မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောသည်။
ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြင့်တင်ခြင်း စီမံကိန်းအတွက် ဂျပန်ချေးငွေ ယမ်း၂၇၁ ဒဿမ ၆၄ ဘီလီယံ သုံးစွဲမည့် အပြင် အစိုးရအနေဖြင့်လည်း ၄၂၈ ဘီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းပိုင်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နေ မှု များကြောင့် စီမံကိန်းမှာ ကြန့်ကြာနေခြင်းဖြစ်ပြီး အဆင့်မြင့်တင်ပြီးပါက တွဲဆိုင်းအသစ်များဖြင့် ပြေးဆွဲသွားမည်ဖြစ်ကာ တစ်နာ ရီလျှင် ကီလိုမီတာ ၁၀၀ ဖြင့် ခုတ်မောင်းမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင်ရှည်လျားပြီး ယင်းလမ်းပိုင်းတွင် အမြန်ရထား ခြောက်စင်း၊ စာပို့ ရထား နှစ်စင်းနှင့် ရန်ကုန်-နေပြည်တော် အစုန်/အဆန်ရထား လေးဆင်းဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
စုသက်နှင်း(အကုန်သိ သတင်းဌာန)







0 comments:
Post a Comment