Tuesday, March 5, 2019

ကုန်သွယ်ရေးမညီမျှမှု ပြဿနာဖြေရှင်းရာတွင် အိန္ဒိယနှင့် တူရကီကို ဒေါ်နယ်ထရမ့် ပစ်မှတ်ထားလာ


အမေရိကန်ပြည်ထောင်စုသို့ အခွန်လွတ်ကုန်စည်များ ဝင်ခွင့်ရရှိနေသည့် အစီအစဉ်တစ်ခုဖြစ်သော အိန္ဒိယအား အထူးကုန်သွယ်မှုအဆင့် ပေးထားမှုကို ရပ်ဆိုင်းရန် ဝါရှင်တန်က စီစဉ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 
အိန္ဒိယသည် ၎င်း၏ဈေးကွက်သို့ အမေရိကန်အား ဝင်ခွင့်ပေးရန် ပျက်ကွက်ခဲ့သည်ဟု သမ္မတထရမ့်က ပြောကြားထားသည်။ 

အလားတူပင် တူရကီ၏ အထူးကုန်သွယ်ခွင့် အဆင့်အတန်းကိုလည်း အမေရိကန်က ရပ်ဆိုင်းမည်ဖြစ်သည်။ 

ယခုရပ်ဆိုင်းမှုသည် မမျှတသော ကုန်သွယ်မှုများကို အရေးယူဆောင်ရွက်နေသည့် ထရမ့်အစိုးရ၏ နောက်ဆုံး အစီအမံတစ်ခုဖြစ်သည်။ 

သမ္မတထရမ့်က အိန္ဒိယသည် ၎င်း၏ဈေးကွက်သို့ မျှမျှတတ ဝင်ခွင့်ပေးရန် ပျက်ကွက်ခဲ့သည်ဟု အောက်လွှတ်တော်သို့ စာတစ်စောင်ပေးပို့ခဲ့ပြီးနောက် အထူးကုန်သွယ်ခွင့် အဆင့်အတန်းစာရင်းမှ အိန္ဒိယကို ပယ်ဖျက်ရန် ကုန်သွယ်ရေးဌာနသို့ ညွှန်ကြားခဲ့သည်။ 

အမေရိကန်၏ အထူးကုန်သွယ်ခွင့် အစီအစဉ်ဆိုင်ရာစနစ် GSP တွင် အောက်လွှတ်တော်က သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးဆဲနိုင်ငံသည် ထုတ်ကုန်အချို့ကို အမေရိကသို့ အခွန်လွတ် တင်ပို့ရောင်းချခွင့်ရှိသည်။ 

အဆိုပါစံနှုန်းတွင် သက်ဆိုင်ရာနိုင်ငံသည် အသိပညာ မူပိုင်ခွင့် ကာကွယ်ပေးခြင်း၊ ၎င်း၏ပြည်တွင်းဈေးကွက်သို့ အမေရိကန်ကို သင့်တင့်မျှတစွာ ဝင်ခွင့်ပေးခြင်း စသည့်အချက်များ ပါဝင်သည်။ 

လုံလောက်သည့် စီးပွားရေးဖွံ့ဖြိုးမှုများ ရှိနေသောတူရကီသည်လည်း စံနှုန်းနှင့် မကိုက်ညီတော့သောကြောင့် GSP စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ 

ကွန်ဂရက်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ စာပို့ပြီး ရက်ပေါင်း ၆၀ အတွင်း ရပ်ဆိုင်းမှု အကျုံးမဝင်သေးကြောင်း သိရှိရသည်။ 

သမ္မတထရမ့်လက်ထက်တွင် မမျှတသော ကုန်သွယ်မှုများကို အရေးယူဆောင်ရွက်သည့် မူဝါဒကြောင့် အမေရိကန်သည် တရုတ်နိုင်ငံနှင့်လည်း ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် ပြည်ပနိုင်ငံများထံမှ သံမဏိနှင့် အလူမီနီယံကုန်ကြမ်းများ တင်ပို့မှုကိုလည်း အခွန်များချမှတ်ထားသည်။ 

အိန္ဒိယသည် အထူးကုန်သွယ်ခွင့် အဆင့်အတန်းကြောင့် လက်ရှိတွင် အမေရိကန်သို့ နှစ်စဉ် အခွန်လွတ်ကုန်စည် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံဖိုး တင်သွင်းခွင့် ရရှိနေသည်ဟု ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ 

ဝန်ကြီးချုပ်မိုဒီအနေနှင့် အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပြင်ဆင်နေရသောကြောင့် စိန်ခေါ်မှုကြီးမားနေသည့် အချိန်တွင် အမေရိကန်ထံမှ အထူးကုန်သွယ်ခွင့် ရပ်ဆိုင်းခံရမှုနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။ 

The Voice  

0 comments:

Post a Comment