ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းရန်အတွက် တရုတ်နှင့် ကိုရီးယား လေကြောင်းလိုင်းအသစ်များ ထပ်တိုးပြေးဆွဲရန် ရှိကြောင်း ပြည်တွင်းလေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနမှ သိရသည်။
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကို ဗီဇာဖြေလျှော့ပေးပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ တိုက်ရိုက်လေကြောင်းလိုင်းများ အဆက်မပြတ် ဝင်လာမှုရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မှ တရုတ်နိုင်ငံရှိ မြို့ခုနှစ်မြို့သို့ တိုက်ရိုက်သွားနိုင်ပြီဖြစ်သော်လည်း ရန်ကုန်မှ ကိုရီးယားနိုင်ငံ အင်ချွန်းသို့ သာ သွားနိုင်သေးပြီး နောက်ထပ်လေကြောင်းလိုင်းအသစ်များ မကြာခင်ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
“တရုတ်ကတော့ တောက်လျှောက်ဝင်လာတယ်။ နောက်ထပ် တရုတ်ကလည်း ဝင်လာဖို့ရှိတယ်။ ကိုရီးယားဘက်က လေ ကြောင်းလိုင်းလည်း ထပ်လာဖို့ရှိတယ်”ဟု ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။
YACL နှင့် လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနမှ ပူးပေါင်း၍ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းရန်အတွက် ကမ်းလှမ်း ထားမှုများရှိကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်း ၃၀ နှင့် ပြည်ပလေကြောင်းလိုင်း ၂၈ လိုင်းပျံသန်းလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မှ ဥရောပ နိုင်ငံဖြစ်သည့် မီလန် - ရန်ကုန် - မီလန်ကိုလည်း တိုက်ရိုက်သွားနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
စုသက်နှင်း(အကုန်သိ သတင်းဌာန)







0 comments:
Post a Comment