Wednesday, March 6, 2019

ရန်ကုန်မြို့သစ်စီမံကိန်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်းဖန်တီးရေးမှာ မသေချာကြောင်း ထောက်ပြ

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်း ဖန်တီးပေးနိုင်ရန်မှာ မသေချာဟု NYDC (New Yangon Development Co.,Ltd) Town Hall ဆွေးနွေးပွဲ တွင် ပါဝင်ဆွေးနွေးသူများက ထောက်ပြကြသည်။ 
အဆိုပါ ဒုတိယအကြိမ် NYDC Town Hall ဆွေးနွေးပွဲကို မတ် ၆ ရက်တွင် ရန်ကုန် မြို့ UMFCCI ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

မြို့သစ်စီမံကိန်းအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ပြီးစီးသွား၍ မြို့မြေဖြစ်လာပါက တစ်ဧကလျှင် သိန်း ၃၀၀၀ အထက် ပေါက်ဈေးရှိနိုင်သည်ဆိုခြင်းကြောင့် ယင်းပမာဏမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အနေဖြင့် မတတ်နိုင်ကြောင်း၊ ထို့သို့ SME လုပ်ငန်းများ ဝင်မလာနိုင်လျှင် အလုပ်အကိုင်အခွင့်အလမ်း မများနိုင်ကြောင်း ပါဝင်ဆွေးနွေးသူတစ်ဦး ဖြစ်သည့် Association of Advancing Life and Regenerating Motherland- ALARM ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမျိုးသူက ထောက်ပြဆွေးနွေးသည်။ 

“ SME တွေ မလာနိုင်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းမများနိုင်ဘူး။ လက်တစ်ဆုပ်စာ စက်ရုံလေးတွေ လာမယ်။ လာတဲ့အခါမှာလည်း တရုတ်ပဲလာမယ်။ ဂျပန်မလာဘူး။ အနောက်က မလာဘူး။ မြန်မာအများစုက တရုတ်ဆန့်ကျင်ရေးအမြင်ရှိတယ်။ နောက်တစ်ခုက မြန်မာပြည်မှာရှိတဲ့ NGO တွေက စွာလွန်းတဲ့အတွက် တရုတ်ရင်းနှီးမြုပ်နှံသူတွေ မကြိုက်ဘူး။ ယေဘုယျကတော့ တရုတ်ရင်းနှီးမြုပ်နှံသူက ဒီကို မလာချင်ဘူး။ လာရင် ထိုင်ဝမ်က လာချင်လာမယ်။ အဲဒီတော့ တကယ်လာမယ့် တရုတ်ကုမ္ပဏီက ရှေ့ဘက်ကမ်းက မဟုတ်ဘဲ ဒီဘက် ယူနန်တို့ဘက်က လာရင်လာမယ်။ နောက်တစ်ခုက (တရုတ်)အစိုးရက မက်လုံးပေးမှ သူတို့ ဒီမှာလာပြီး မြေသိမ်းမယ်” ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။ 

တရုတ်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ၎င်းတို့နိုင်ငံသားများကိုသာ ခန့်အပ်ခြင်းမျိုးရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေတွင် မြန်မာ နိုင်ငံသား အလုပ်သမား မည်မျှခန့်ထားရမည်ဆိုသည့် သတ်မှတ်ချက် မပါဝင်တော့သောကြောင့် ပြည်တွင်းအလုပ်သမား နှစ်သန်း အလုပ်ပ်အကိုင်ခန့်အပ်ရေးအတွက် မည်သို့ ထိန်းကြောင်းနိုင်မည် မသိကြောင်း၊ စက်မှုဇုန်ဖော်ဆောင်မည့် ဧရိယာမှာ ဧက ခုနစ်ထောင်ခန့်သာ ရှိသောကြောင့် သေးငယ်လွန်းကြောင်း ပါဝင်ဆွေးနွေးသူ ဦးဖြိုးဝေက ထောက်ပြသည်။ 

အခြေအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် မြန်မာလုပ်သား အနည်းဆုံး ရာခိုင်နှုန်း ၅၀ ပါဝင်ရမည့်ဆို သည့်အချက်အား PreProject Documents ၌ ထည့်သွင်းထားကြောင်း၊ မြို့သစ်ရှိ စက်မှုဇုန်နေရာအား ရောင်းချရာတွင် အလုပ်အကိုင်ခန့်ထားမှုများလျှင် ဈေးလျှော့ပေးမည့်အစီအစဉ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည့် လုပ်ငန်းများအား ဆွဲဆောင်မည် ဖြစ်ကြောင်း NYDC ၏ CEO ဖြစ်သူ ဦးသိမ်းဝေက ရှင်းလင်းပြောကြားသည်။ 

“အဲဒါရဖို့ ဘာလိုမလဲ။ စက်ရုံတစ်ထောင် လိုတယ်။ စက်ရုံတိုင်း လူနှစ်ထောင်ခန့်လိုရှိရင် အလုပ်အကိုင်နှစ်သန်းရပြီ။ အဲဒီ စက်ရုံတစ်ထောင်ဝင်လာဖို့က ကျွန်တော်ရဲ့ တာဝန်” ဟုဦးသိမ်းဝေက ပြောကြားသည်။ 

NYDC Challenge တင်ဒါခေါ် ဆိုနိုင်ရန် လိုအပ်သည့် အထက်ပါ Pre Project Documents (PPD) သည် စာမျက်နှာ တစ်ထောင်ကျော်ပါဝင်မည် ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ပါဝင်မည် ဖြစ်ကာ မကြာမီတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment