Sunday, March 17, 2019

ကုလနှင့် နိုင်ငံတကာ၏ ရခိုင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာများကို စိစစ်အတည်ပြုရန် တပ်မတော်က စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်း


ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ထားသော ရခိုင်ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ အစီရင်ခံစာများကို စိစစ်အတည်ပြုရန် တပ်မတော်က အဖွဲ့ဝင် ၃ ဦးပါဝင်သော စုံစမ်း စစ်ဆေးရေး ခုံရုံးအဖွဲ့ ကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်က တရားဝင် သတင်းထုတ်ပြန်သည်။ 
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အချက် ၅ ချက်ပါ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အဓိကအားဖြင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများကို တပ်မတော် စုံစမ်းစစ်ဆေးရေး ခုံရုံးက စိစစ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့မှ ဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား အနည်းဆုံးအင်အား ၆၂၀၀ ကျော်ခန့်မှ အများဆုံးအင်အား ၁၀၀၀၀ ကျော်ခန့်တို့က မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတို့ရှိ တပ်မတော် တပ်ဌာနချုပ်တစ်ခုနှင့် ရဲကင်းစခန်း ၃၀ ခုအပါအ၀င် ရခိုင်တိုင်းရင်းသား ကျေးရွာများအားလုံးနီးပါးသို့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနေ့တစ်ရက်တည်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ၀န်ထမ်း ၁ ဦး၊ ပေါင်း ၁၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာများရရှိကာ ရဲကင်း စခန်းများမှ လက်နက်ငယ် ၆ လက် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံပါရှိသွားခဲ့သည့် အပြင် ဒေသခံအရပ်သားများစုစုပေါင်း ၁၃၀ ဦးမှာလည်း ရက်ရက်စက်စက် လူမဆန်စွာ အသတ်ခံ ခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်ရန်၊ ၎င်းတို့ယူဆောင်သွားသော လက်နက်ခဲယမ်းများ အမြန်ပြန်လည်သိမ်းဆည်းရရှိစေရန်နှင့် ဒေသခံပြည်သူများ၏လုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ရကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာ၌ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် ညွှန်ကြားချက်တစ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က သက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များသို့ ညွှန်ကြားခဲ့ကြောင်း၊ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင် သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းစစ်ဆေးစေခဲ့ပါသည်။ ဖော်ထုတ်ချက်များအရ နယ်မြေဒေသ လုံခြုံရေးအတွက် ကွပ်ကဲစီမံအုပ်ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးသတင်းများကြိုတင် လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကိုလည်း တွေ့ရှိရသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုလည်း လိုအပ်သလိုအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 
နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့Fact Finding Mission တို့၏ စွပ်စွဲရေးသားဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များ အရလည်းကောင်း အစီရင်ခံစာအသီးသီး၏ ရေးသား ဖော်ပြချက်များကိုထပ်မံစိစစ်အတည်ပြုရန်လိုအပ်သဖြင့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးကြီးကျော်ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင် တို့ပါဝင်သော တပ်မတော် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ကို ဖွဲ့စည်းကြောင်း ဖော်ပြထားသည်။ 
ပြည်တွင်းမှနိုင်ငံတကာအရေးကျွမ်းကျင်သော စောင့်ကြည့်လေ့လာသူများကမူ တပ်မတော်အနေဖြင့် စုံစမ်းစစ်ရေးကို ကိုယ်တိုင်မလုပ်ဘဲ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း မကြာခဏဆိုသလို ထောက်ပြ ပြောဆိုဝေဖန်ကြသည်။ 

ဓာတ်ပုံ- ၂၀၁၇ ခုနှစ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သော စုံစမ်းရေးအဖွဲ့က အင်းဒင် လူသတ်မှုကို စိစစ်ဖော်ထုတ်စဉ်။
Khit Thit Media 

0 comments:

Post a Comment