Monday, March 18, 2019

ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်း လုံးဝပိတ်သိမ်းရန် မသင့်ဟုဆို


ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းသည် ပင်လယ်ငါးသယံဇာတပြုန်းတီးခြင်း မရှိသည့်အတွက် ယင်းလုပ်ငန်းအား လုံးဝပိတ်သိမ်းရန်မသင့်ကြောင်း ကင်းမွန်လှေလုပ်ငန်းရှင်များက ပြောသည်။ 
မတ်လ ၁၆ ရက်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သည့် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းတို့က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မီးဖြင့်ကင်းမွန်ဖမ်းခြင်း လုပ်ငန်းကို နောင်လာမည့် ၃ နှစ် သို့မဟုတ် ကာလတစ်ခုအထိသာ ခွင့်ပြုတော့မည်ဆိုသည့် ခေါင်းစဉ်တစ်ခု ပါဝင်သည့်အပေါ် အထက်ပါအတိုင်း ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ 

ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းသည် တစ်နှစ်လျှင် ၆ လခန့်သာ လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်သည့်အပြင် ရေပေါ်တွင် လျှပ်စစ်မီးဖြင့် ဖမ်းဆီးရသည့်အတွက် တရွတ်ဆွဲငါးဖမ်းလှေများကဲ့သို့ ရေအောက်ကြမ်းပြင်များ ဂေဟစနစ်နှင့် သားပေါက်၊ ငါးပေါက်များအား ထိခိုက်ခြင်းမရှိကြောင်း ကျွန်းစုမြို့နယ် ကမ်းနီးကင်းမွန် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးရဲထွဋ်က ပြောသည်။ 

ယင်းသို့သာ ပိတ်သိမ်းလိုက်မည်ဆိုလျှင် ကမ်းနီးရေလုပ်ငန်းလုပ်ကိုင်သည့် မိသားစုထောင်သောင်းချီ ဒုက္ခရောက်မည်ဖြစ်သောကြောင့် ပိတ်သိမ်းခြင်းကို လုံးဝကန့်ကွက်ကြောင်း ၎င်းက ဆိုသည်။ 

“မီးနဲ့မြှူဆွယ်ပြီး မဖမ်းရလို့ ပညာရှင်တွေကဆိုတယ်။ မီးမရှိရင်ဘယ်လိုဖမ်းမလဲ။ အစီးရေများနေလို့ လျှော့ချပြီးခွင့်ပြုရင်တော့ ကျွန်တော်တို့ လက်ခံပေးနိုင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။ 

မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ငါးမဖမ်းရရာသီ သတ်မှတ်ရေး၊ ငါး မဖမ်းရဧရိယာသတ်မှတ်ရေး၊ ကင်းမွန် မီးထွန်းလုပ်ငန်းအား ခွင့်ပြုသွားမည့် ကာလ၊ လှေအရွယ်အစား၊ စက်အင်အား သတ်မှတ်နိုင်ရေး၊ တရားမဝင်ငါးဖမ်း လုပ်ငန်းနှင့် လက်ရှိပေါ်ပေါက်နေသည့် ပြဿနာများ စသဖြင့် ခေါင်းစဉ် ၉ ခုဖြင့် ဆွေးနွေးခဲ့ကြသည်။ 

လွှတ်တော်ကိုယ်စားလှယ်များက အထက်ဖော်ပြပါ ရေလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်သို့ မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲရလဒ်များအား တိုင်းအဆင့်တွင် ထပ်မံဆွေးနွေးပြီး အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (နေပြည်တော်) သို့ ယခုလ မကုန်မီ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ထံမှသိရသည်။ 

အဆိုပါဆွေးနွေးပွဲသို့ မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးကမ်းဝေးငါးဖမ်းလှေ လုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်းထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

Dawei Watch
The Voice

0 comments:

Post a Comment