Monday, March 11, 2019

လူကြီးလမ်းကြောင်းနှင့်ကြုံသွား၍ တနင်္သာရီတိုင်းဝန်ကြီးချုပ်အား အရေးယူခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်းဦး ပြော



တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အရေးယူခြင်းမှာ လူကြီးလမ်းကြောင်းနှင့် ကြုံသွားခြင်းကြောင့်ဖြစ်ပြီး နိုင်ငံရေးသမားထဲတွင် ပထမဦးဆုံးအရေးယူခံရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ 
 
မတ်လ ၁၁ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအား ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။ 

“ဒါကတော့ လူကြီးခရီးစဉ်မှာ အားလုံးကလည်းဝိုင်းတိုင်ကြတယ်။ ပြောကြတယ်ဆိုတော့ ဒါက ဘယ်လိုကိစ္စဖြစ်ဖြစ် အရေးယူမှာဖြစ်တယ်။ နိုင်ငံရေးသမားထဲမှာတော့ ဒါပထမဦးဆုံးအရေးယူတာပေါ့။ ဥပဒေကရှိပြီးသားပါ။ နောက် ဒါကပထမဦးဆုံးဖြစ်တယ်။အမှန်က ဦးကျော်ဝင်းလိုကိစ္စမျိုးဟာပါ လုပ်သင့်တယ်’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ 


လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ် နှင့် ဦးသူရအုံတို့အားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်းသီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၁၀-၃-၂၀၁၉ ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီးတရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။ 
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ-(က) ၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်းအပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကထိုက်သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co.,Ltd. သို့ တာဝန်ပေးဆောင်ရွက်စေခဲ့ပြီးမကြာမီ ၁၅-၁၂-၂၀၁၆ ရက်နေ့တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းတစ်ခုတည်းကိုခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ F-22 Sunny Construction Co.,Ltd. သို့ တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကိုအဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ ဒေသန္တရပေါက်ဈေးများနှင့် နှိုင်းယှဉ် တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း ဖော်ပြပါရှိသည်။ 
ထို့အပြင် ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ခြင်းမရှိဘဲလမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်းငွေကျပ် ၁.၉ ဘီလီယံခန့်ထုတ်ယူရန် အခွင့်အရေးပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအားသူမ၏ ခင်ပွန်းဦးထွန်းမင်းကဦးမြင့်ဟိုအမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိအိမ်အမှတ် (၁၀၆၈) နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကိုအုတ်ခြံစည်းရိုးကာရံပေးရန် စေခိုင်းခဲ့ရာငွေကျပ်သိန်း (၁၄၀) ကျော်ကုန်ကျခဲ့ပြီး သူမအားစုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုးပေးချေခြင်းမရှိဘဲအုတ်ခြံစည်းရိုးကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း သိရှိရသည်။ 
ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ၎င်း၏ မိသားစုပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကိုကာလတန်ဖိုးကျပ် (၃၂၀)သိန်းကျော်ခန့်သာတန်ဖိုးရှိသော်လည်းကျပ်သိန်း(၂၀၀၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း သိရသည်။ 
GGS ကုမ္ပဏီအားသရက်ချောင်းငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံတည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမတည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲလေးထပ် တန်ဖိုးနည်းအငှားအိမ်ရာ(၄)လုံးတည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်းဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း၊ နေအိမ်ကိုဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့် အကျိုးစီးပွားဆက်စပ်ဆောင်ရွက်သူဖြစ်ပြီးကုမ္ပဏီအထွေထွေမန်နေဂျာဖြစ်ကြောင်း၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သောဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့သည် အိမ်နှင့်မြေကိုကာလတန်ဖိုးထက် (၆)ဆခန့် ပိုသည့်တန်ဖိုးဖြင့် ဈေးပိုပေး၍ဝယ်ယူခဲ့ပြီး အကျိုးအမြတ်ရရှိမည့် လုပ်ငန်းများလုပ်ကိုင်ခွင့် ရရှိခဲ့ကြကြောင်း သိရသည်။ 
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၆-၁၂-၂၀၁၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီးလုပ်ကိုင်ခွင့်ပြုသူနေရာတွင် တိုင်းအစိုးရအဖွဲ့ ကိုယ်စားအတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူနေရာတွင် GGS ကုမ္ပဏီကိုယ်စားဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်းအကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းများကိုဖောက်ဖျက်ရာရောက်ကြောင်း၊ ၁-၇-၂၀၁၇ ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်အထိသဘာဝဓါတ်ငွေ့ဖိုးကျပ်သန်း (၈၀၀၀) ကျော်ကိုပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်းပေါ်ပေါက်မှုအပေါ် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်းတွေ့ရှိရပါသည်ဟု သတင်းထုတ်ပြန်ထားသည်။ 



မင်းသီဟန်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment