Monday, March 11, 2019

မြန်မာစာအရေးအသား၊ ရေးထုံး၊ သတ်ပုံတို့နှင့် ပတ်သက်၍ မြန်မာစာ အဖွဲ့၏အဆုံးအဖြတ်ကို ရယူဆောင်ရွက်မည်


မြန်မာစာအရေးအသား၊ ရေးထုံး၊ သတ်ပုံတို့နှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ရန် သက်ကြီးမြန်မာစာပေပညာရှင်များ ပါဝင်သည့် မြန်မာစာအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားပြီး မြန်မာစာ အဖွဲ့၏ အဆုံးအဖြတ်ကို ရယူဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မတ်လ ၁၁ ရက်တွင်ပြောသည်။ 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်က အစိုးရဝန်ကြီးဌာနများနှင့် မြန်မာ နိုင်ငံတစ်ဝန်း သုံးစွဲနေသော ပုံနှိပ်မီဒီယာများအားလုံး ကွန်ပျူတာ ပုံနှိပ်ဖော်ပြရာ တွင် အသုံးပြုနေသော “တစ်ချောင်းငင်အရှည်နှင့် အတို” သုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျ မှန်ကန်အောင် ညွှန်ကြားပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 
မြန်မာစာ ရေးသားကြရာတွင် မြန်မာစာအဖွဲ့မှ ထုတ်ဝေသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို လိုက်နာကြရန် ပညာရေး ဝန်ကြီးဌာနက ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁/၈၆) ဖြင့် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ အဆိုပါ စာလုံးပေါင်းသတ်ပုံကျမ်းသည် ယနေ့အထိ အတည်ပြုပြဋ္ဌာန်းဆဲ ဖြစ်သည့်အပြင် လိုက်နာဆောင်ရွက် ကျင့်သုံး လျက်ရှိသည်။ 
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၅၀ တွင်လည်း မြန်မာစာသည် ရုံးသုံးစာဖြစ်သည် ဟူ၍ပြဋ္ဌာန်းပါရှိကြောင်း၊ တင်ပြထားသည့် တစ်ချောင်းငင်အတို၊ တစ်ချောင်းငင်အရှည်၊ နှစ်ချောင်းငင်အတို၊ နှစ်ချောင်းငင်အရှည်သုံးစွဲမှုသည် စာလုံးပေါင်းသတ်ပုံ ဆိုရင်းထက် အရေးပုံရိပ်မျှသာဖြစ်ပြီး သတ်ပုံမှားယွင်းမှုမဟုတ်ကြောင်းနှင့် ဖော်ပြပါ ပြု၊ မှူးနှင့် အလှူစသည်တို့ဖော်ပြထားခြင်းသည် ပြဋ္ဌာန်းထားသည့် စာလုံးပေါင်းသတ်ပုံကျမ်း စာအုပ်ပါ အရေးပုံရိပ်အတိုင်းရေး သားခြင်းဖြစ်ကြောင်း၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေးလုပ်ငန်း စဉ်များ သည် ယခင်က ဆောင်ရွက်ပြီးလုပ်ငန်းနှင့် ယခု ဆက်လက်ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်ကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment