Sunday, March 17, 2019

တာချီလိတ်တွင် လေထုညစ်ညမ်းမှု ဆိုးရွားစွာကြုံတွေ့ နယ်စပ်ဖြတ်ကျော် မီးခိုးများကြောင့် လေကြောင်းခရီးစဉ်တစ်ခုဖျက်သိမ်းရပြီး လေထုညစ်ညမ်းမှု ဆိုးရွားနေ၍ ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်


တာချီလိတ်မြို့နယ်အတွင်း နယ်စပ်ဖြတ်ကျော် ရောက်လာသော မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသဖြင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ဝေဒနာများ ခံစားလာရပါက နီးစပ်ရာဆေးရုံ၊ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ရန် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၁၆ ရက်တွင် ထုတ်ပြန်သည်။ 
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ တိုင်းတာချက်အရ မတ်လ ၁၆ ရက်တွင် လေထုညစ်ညမ်းမှု အညွှန်းကိန်း ၃၀၂သို့ရောက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေဖြင့် တတ်နိုင်သမျှ နေအိမ်အတွင်း၌သာ နေ ထိုင်ရန် အသိပေးနှိုးဆော်ထားသည်။ 

သို့သော် အပြင်ထွက်ရန် လိုအပ်သူများအနေဖြင့် မျက်နှာအကာအကွယ် (Mask) များ တပ်ဆင်ပြီးမှ သွားလာရန် နှင့် မျက်စိစပ်ခြင်း ဖြစ်ပေါ်လာပါကလက်ဖြင့် ပွတ်သပ်ခြင်းမပြုဘဲ သန့်ရှင်းသော ရေစိုဝတ်ဖြင့်သုတ်ကာ ရေသန့်ဖြင့်ဆေးကြောပေး ကြရန် ထပ်မံ အသိပေးထား သည်။ 

လေထုညစ်ညမ်းမှု ဆိုးရွား လာခြင်းကြောင့် မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် တာချီလိတ်လေ ဆိပ်၌ လေကြောင်းခရီးစဉ်တစ်ခု ဖျက်သိမ်းခဲ့ပြီး မတ်လ ၁၇ ရက် နံနက်က လေယာဉ်များ အဆင်း၊ အတက် မပြုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ယမန်နေ့ ညနေပိုင်းက လည်း တာချီလိတ်မြို့ အာဏာ ပိုင်များက မြို့ဒေသခံများအား နှာခေါင်းစည်းများ လိုက်လံဝေငှခဲ့ သည်။ 

တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညမ်းမှု ဖြစ်ပွားနေ သည်မှာ တစ်ပတ်ခန့်ရှိနေပြီး လက်ရှိအချိန်အထိ အခြေအနေ ဆိုးနေသေးကြောင်း တာချီလိတ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်တင့်က ပြော သည်။ 

‘‘လေထု ညစ်ညမ်းတာက ဆိုးနေတယ်။ တောင်ယာမီးရှို့ တာက အဆက်မပြတ်ဖြစ်နေ တယ်။ ထိုင်းဘက်ကလည်းရှို့တယ်။ ကျွန်တော်တို့ ဘက်ကလည်းရှို့တယ်။ ကျွန်တော်တို့အနေနဲ့ mask တွေအုပ်တာ။ မျက်မှန်တွေ တပ်ထားကြဖို့လောက်ပဲလုပ်နိုင်သေးတယ်။ လေထုညစ်ညမ်းမှုကို ဘယ်လိုကာကွယ်မလဲ ဆိုတာကို မလုပ်နိုင်သေးဘူး’’ဟု ဦးခင်မောင်တင့်ကပြောသည်။ 

တာချီလိတ်မြို့နှင့် နီးကပ်လျှက်ရှိသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် လေထုညစ်ညမ်းမှုများ ဆိုးရွားစွာဖြစ်ပေါ်နေခြင်းကြောင့် ထိုင်းအစိုးရက သတိပေးချက်များ ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment