Monday, March 11, 2019

တနင်္သာရီတိုင်း ခေတ္တဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်အား တာဝန်ပေး


တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များ ထမ်းဆောင် ရန် တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး တာဝန်များ ပူးတွဲ ထမ်းဆောင်ရန် သမ္မတရုံးက ယမန်နေ့တွင် ညွှန်ကြားသည်။ 
သမ္မတဦးဝင်းမြင့်၏ အမိန့်အရ ‘တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၁ ရက်တွင် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးမြင့်မောင်အား ခေတ္တဝန်ကြီး ချုပ်တာဝန်ကို ပူးတွဲပေးအပ်ကြောင်း သိရှိနိုင်ပါရန် ပေးပို့ပါသည်’ဟု မတ်လ ၁၁ ရက်စွဲဖြင့် ညွှန်ကြားစာပေးပို့သည်။ 

‘‘သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်တာဝန် လွှဲပေးထားတယ်။ ဒီနေ့ (မတ်လ ၁၁ ရက်) သမ္မတရုံးက အမိန့်စာထွက်လာတယ်။ ယခင်ဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲကြောင်းအမိန့်စာလည်း ထွက်လာတယ်’’ဟု တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်စိုးက 7Day Daily သတင်းစာအား အတည်ပြုပြောကြားသည်။ 

မတ်လ ၁၀ ရက် ညနေတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိဖြင့် ထိန်းသိမ်းပြီးနောက် တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဝန်ကြီးချုပ် တာဝန်များ ယာယီလွှဲပြောင်းထမ်း ဆောင်ခဲ့သည်။ ထို့နောက် နောက်တစ်ရက်တွင်ပင် ဝန်ကြီးဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်အ ဖြစ် တာဝန်ပေးအပ်ခြင်းဖြစ် သည်။ ဝန်ကြီးဦးမြင့်မောင်နှင့် မြိတ်မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်ရီရီချို တို့နှစ်ဦးအနက် တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဟု လေ့လာသူများနှင့် ဒေသခံများက ခန့်မှန်းသည်။ 

ဝန်ကြီး ဦးမြင့်မောင်သည် တနင်္သာရီတိုင်း ဒီချုပ် အတွင်းရေး မှူးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင် ကော့သောင်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံရသည်။ 

ဒေါ်ရီရီချိုသည် ဒီချုပ်ဗဟို ကော်မတီဝင်ဖြစ်ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင် မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံရသည်။ 

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပေါ်မှုကြောင့် လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူ ကျင်းပရန်ရှိသည်ဟု ခန့် မှန်းကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။ 

သို့သော် မည်သည့်ရက်တွင် ခေါ်ယူကျင်းပမည်ကို အတိအကျ မသိရှိသေးကြောင်း ၎င်းက ဆက် လက်ပြောသည်။ 

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်ကို အဂတိလိုက်စားမှုကျူး လွန်ကြောင်း တိုင်ကြားစာများနှင့် ပတ်သက်ပြီး ကော်မရှင်က ဖေ ဖော်ဝါရီ ၄ ရက်ကစ၍ မတ်လ ၆ ရက်အထိ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့၌ စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက် များအရ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို အဂတိတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်း ကောင်း၊ Global Grand Services(GGS)ကုမ္ပဏီမှ MD ဦးသိန်း ထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့ကို ပုဒ်မ ၅၅/၆၃ တို့ဖြင့် အမှုလေးခုခွဲ၍ အရေးယူ ရန် ထားဝယ်မြို့မရဲစခန်း၌ ကော် မရှင်က မတ်လ ၁၀ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။ 

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ကော့ သောင်းမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူပြီး ထားဝယ်အ ကျဉ်းထောင်သို့ ပို့ဆောင်ထား ကြောင်း ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။ ထို့အပြင် နောက်တစ် ကြိမ် ရုံးချိန်ကို မတ်လ ၂၅ ရက် တွင် ချိန်းဆိုထားသည်။

7Day

0 comments:

Post a Comment