Monday, March 4, 2019

အမြန်လမ်းမကြီးတွင် ကလေး-ရန်ကုန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး ကနဦးသတင်းအရ ၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ


ယနေ့ (မတ်လ ၅ ရက်) က နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၇၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားတွင် ကလေး-ရန်ကုန် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ကနဦးသတင်းများအရ သေဆုံးသူ ၈ ဦးရှိပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ချက်အရ သိရသည်။ 
ဖြစ်စဉ်မှာ မတ်လ ၅ ရက် နံနက် ၆ နာရီအချိန်တွင် နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၇၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားတွင် ယာဉ်မောင်း ဦးဝင်းထွန်း ၃၈နှစ်၊ နယ်မြေ-၂ ၊ ကလေးမြို့နေသူ မောင်းနှင်လာသည့် 6G/4--- High class (ကလေး-ရန်ကုန်) ခရီးသည်ယာဉ်သည် နောက်ယာဘက်ဘီး ပေါက်ကာ လမ်းလယ်ကျွန်း Guard rails တန်းအား ဝင်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းတွင် တစ်စောင်းအနေအထားဖြင့် တိမ်းမှောက်သွားရာ ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါ သံဃာ ၅ ပါး ၊ ကျား(၂၆) မ (၁၁) ဦး စုစုပေါင်း ၄၂ ဦး ပါရှိသည့်အနက် ဒဏ်ရာရရှိသူ ကျား ၁၆ ဦး(သံယာ တစ်ပါးအပါ) ၊ မ ၉ ဦး ရှိပြီး သေဆုံးသူ ကျား (၆) ဦး (သံဃာ (၃)ပါး အပါ) ၊ မ (၂) ဦး ရှိကြောင်း သိရသည်။ 

"အခု ကျွန်တော်က ဆေးရုံမှာပါ ။ ကျွန်တော်က ခေါင်းထိတယ် ။ ခေါင်းနဲနဲမူးတာပဲ ရှိတယ် ။ ခေါင်းတော့ မကွဲဘူး ။ သေတဲ့သူများတယ် ထင်တယ်။ ရင်ခွဲရုံမှာ ထပ်နေတယ် ။ ဘယ်လိုဖြစ်တယ်ဆိုတာ သိပ်မပြောတတ်ဘူး။ ကားက ဘယ်ဖက် ညာဖက် ယိုင်မှ နိုးတာ ။ ကျွန်တော် သတိထားမိတာက ကားက ဘယ်ဖက် ညာဖက် ယိုင်ပြီး ပက်လက်လှန်သလား မသိဘူး၊ ခေါင်းတွေ မူးလို့ ၊ ကျွန်တော် အောက်ရောက်သွားတယ် ၊ ထွက်တော့ ဘာမှ ထွက်လို့ မရဘူး ။ မှန်ရိုက်ခွဲပြီး ထွက်ကြတာ ။ ကျွန်တော်က ခေါင်းမူးပြီး မထွက်နိုင်ဘူး။ နာတဲ့သူလည်း အများကြီး ။ အခု မြို့ကျောင်းတိုက်နယ် ဆေးရုံတဲ့။ မြို့ကျောင်းရွာနားလေးမှာ အဲဒီက ကယ်ဆယ်ရေးလာပါတယ် " ဟု High Class ကားနှင့် လိုက်ပါလာသူ ကိုလျှံတွမ် မှ ပြောကြားခဲ့ပါသည်။ 

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့  အုတ်ရှစ်ကုန်းစခန်းမှ တပ်ဖွဲ့ ဝင်များနှင့် အထောက်အကူပြုအဖွဲ့ များ သွားရောက် ကူညီဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ချက်အရ သိရသည်။ 






ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး 
Eleven Media Group


0 comments:

Post a Comment