၂၀၂၀ တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေးအတွက် စီမံချက်အသစ်များ ချမှတ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းမှန်ကန်ရေးကိစ္စကို လာရောက် ပြောကြားရာတွင် ၎င်းက ယင်းကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“၂၀၂၀ အတွက် အရင်က မလုပ်သေးတဲ့ သစ်လွင်တဲ့ဟာ လုပ်ထားတာပါ”ဟု ၎င်းက ဆိုသည်။
ယခုနှစ် (၂၀၁၉ အတွင်း) မဲစာရင်း ပြုစုပြီးသည်နှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများထံ ပြုစုထားသည့် မဲစာရင်းကို ပေးဝေသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေနှင့် အဆိုပါ မဲစာရင်းများကို စိစစ်၍ မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းကျန်နေခြင်းများ ဖြစ်ပေါ်လာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်အကြောင်းကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“နောက်ပိုင်းလည်း ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကျွန်တော်တို့ မဲစာရင်းတွေ ပေးမှာပါ။ CD တစ်ချပ်စီပေးမှာပါ။ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက တစ်ဦးချင်း၊ တစ်ဦးချင်းစီကပေးလိုက်တဲ့ CD ချပ်က မဲစာရင်းမှာ လိုတာ၊ ပိုတာ စိစစ်ပြီးတော့ တင်ပြလာမယ်။ အဆိုပြုလာမယ်ဆိုလည်း တကယ့်ကို တိကျတဲ့ မဲစာရင်းဖြစ်လာမှာပါ”ဟု ဦးမြင့်နိုင်က ရှင်းပြသည်။
ယင်းကဲ့သို့ မဲစာရင်းမှန်ကန်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့်လည်း လိုအပ်ပါက ပူးပေါင်းပါဝင်စေလိုကြောင်း ဦးမြင့်နိုင်က တင်ပြခဲ့ခြင်းကြောင့် မဲဆန္ဒနယ်မြေများတွင် မဲစာရင်း မှန်ကန်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
The Voice






0 comments:
Post a Comment