ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးခွင့်ရရှိထားသော ဇောတိကလုပ်ကွက် M9 တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ရေနံတွင်းငါးခုကိုထပ်မံတွေ့ရှိထားကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။
လုပ်ကွက် M9 အလယ်ပိုင်းနှင့် မြောက်ဘက်ပိုင်းတွင်တည်ရှိသော ရေနံတွင်း စုစုပေါင်း ကိုးခုကို ၂၀၁၈ ခုနှစ် တတိယသုံးလပတ်မှ စတင်ကာ ရှာဖွေစမ်းသပ်ခဲ့ရာမှ ယခုအခါတွင် ရေနံတွင်းငါးခု၌ စီးပွားဖြစ်တူးဖော်နိုင်မည့် အခြေအနေများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အကဲဖြတ်ဆန်းစစ်ရာတွင် အောင်မြင်ထားသည့် အဆိုပါရေနံတွင်းများအနက် တစ်ခုဖြစ်သည့် ဇောတိက-၂၄ ရေနံတွင်းတွင် စီးပွားဖြစ်ရရှိနိုင်မည့် ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီး ကြိုတင်ခန့်မှန်းထားသည့် ၄၁ မီတာထက် များပြားသည့် သဘာဝဓာတ်ငွေ့ပါဝင်သော ကျောက်သားထု ၁၅၂ မီတာကို တွေ့ရှိထားကြောင်း PTTEP ကုမ္ပဏီထံမှ သိရသည်။
“ပီတီတီအီးပီ မြန်မာ့စီမံကိန်းအနေနဲ့ မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် စွမ်းအင်ပံ့ပိုးမှုကို ဆက်လက်ထိန်းသိမ်း ပေးနိုင်တယ်ဆိုတာကို ဒီရလဒ်ကောင်းတွေက ထပ်လောင်းအတည်ပြုလိုက်တာပဲဖြစ်ပါတယ်”ဟု PTTEP မြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr.Piya Sukhumpanumet က ပြောကြားသည်။
ဇောတိကစီမံကိန်းသည် အရှေ့တောင်အာရှတွင်ရှိသော ပီတီတီအီးပီ၏ အဓိကအရေးပါသော စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ရန်ကုန်မြို့၏ အနောက်တောင်ဘက် ခန့်မှန်းခြေ ကီလိုမီတာ ၃၀၀ အကွာအဝေးရှိ မုတ္တမပင်လယ်ကွေ့တွင် တည်ရှိကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအတွက် စွမ်းအင်လိုအပ်ချက်အတွက် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတို့ကို ဖြည့်ဆည်းပေးလျက်ရှိသည့် စီမံကိန်းဖြစ်သည်။
PTTEP အင်တာနေရှင်နယ်လီမီတက် (ရန်ကုန်ရုံးခွဲ) ကို ထိုင်းကုမ္ပဏီ PTTEP က အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၀ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး လက်ရှိအချိန်တွင် သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ခန့်မှန်းခြေ ကုဗပေ သန်းပေါင်း ၃၀၀ မှ ၃၄၅ သန်းကို ထုတ်လုပ်လျက်ရှိသည်။
The Voice






0 comments:
Post a Comment