Monday, March 4, 2019

ရန်ကုန်သင်္ကြန်ကို အထူးစည်ကားအောင် ပြုလုပ်မည်၊ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို မတ်လဆန်းတွင် ခေါ်ယူမည်

၂ဝ၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းကျင်းပသွားမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အတွက် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်လွှာများကို ယခုလဆန်းပိုင်းတွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က News Watch သို့ ပြောသည်။ 
“ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးအစည်းအဝေးကိုကျင်းပပြီးပြီ။ ဒုတိယအစည်းအဝေးကျမှ သင်္ကြန်မဏ္ဍပ်တွေ ဘယ်နေရာတွေပေးမလဲဆိုတာကို အခုလေ့လာမှုတွေလုပ်နေ တယ်။ မနှစ်က ဘယ်နေရာတွေပိတ်နေလဲ၊ အဲလိုမျိုးလမ်းမပိတ်အောင် ဘယ်နေရာတွေကိုပေးမလဲဆိုတာကို စည်ပင်ကတွဲဖက်အတွင်းရေးမှူးက ကွင်းဆင်းစစ်ဆေးပြီးတော့ နေရာတွေကိုကျွန်တော်တို့ဆီကို လာမယ့် အစည်းအဝေးမှာတင်မယ်။ အဲဒီအစည်းအဝေးမှာ နေရာတွေကိုဆွေးနွေးပြီးတော့ အတည်ပြုမယ်။ အတည်ပြုပြီးရင် လျှောက်လွှာခေါ်မယ်''ဟု ဝန်ကြီးဦးဇော်အေးမောင်က ပြောသည်။ 

ထို့အပြင် ယခုနှစ်သင်္ကြန်တွင်စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုသွားမည်ဖြစ်ပြီး မဏ္ဍပ်လျှောက်ထားရာတွင် သက်ဆိုင်ရာ အိမ်ရှင်၊ ခြံပိုင်ရှင်များ၏ သဘောတူခွင့်ပြုချက်ပါရမည်ဖြစ်ပြီး စည်ပင်ပိုင်မြေပေါ်တွင် ဆောက်လုပ်မှုအတွက်လည်း သတ်မှတ်နှုန်းထားအတိုင်း မဏ္ဍပ်အကြီး၊ အသေး၊ အလတ်အလိုက် သက်ဆိုင်ရာ အခွန်အခပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ယခုနှစ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပခွင့်ကို ယခင်နှစ်ထက်ပို၍ နေရာတော်တော်များများ၌ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ 

''ဒီနှစ် ရန်ကုန်တိုင်းမှာ လမ်းလျှောက်သင်္ကြန်တွေကို မနှစ်ကလိုပဲလုပ်မယ်။ ဘားလမ်း၊ ကန်တော်မင်ပန်းခြံ၊ ကန်တော်ကြီးမှာလုပ်မယ်။ မနှစ်ကထက်တော့ မလျော့ဘူး။ ပိုလုပ်မယ်။ အင်းလျားကန်မှာလည်း လမ်းလျှောက် သင်္ကြန်လုပ်ဖို့အတွက် အဖွဲ့တဖွဲ့ကလာပြီး အဆိုပြု လွှာတင်ထားတယ်။ ပေးရင်လည်း တက္က သိုလ်ရိပ်သာလမ်းထိပ်ကနေပြီးတော့ ပြည်လမ်းအထွက် အဲလောက်ပဲပေးလို့ရမယ်။ ဟိုဘက် တက္ကသိုလ်ရိပ် သာလမ်းဘက်ကိုပေးလိုက်ရင် လမ်းပိတ်သွားမယ်'' ဟု ၎င်းကပြောသည်။ 

ထို့အပြင်သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေမည့်သံချပ်စာသားများကိုလည်း တိုင်းအစိုးရ၏ ခွင့်ပြုချက် တင်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မပါသည့်သံချပ်များကို ဖျော်ဖြေခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ 

“ကျွန်တော်တို့ ဆီက ခွင့်ပြုချက်မပါတဲ့သံချပ်တွေကို မဏ္ဍပ်တွေမှာထိုးခွင့်မပေးဖို့ ညွှန်ကြားသွားမယ်။ အဓိကကတော့ အပြု သဘောနဲ့ တိုင်းပြည်ကိုကောင်းစေချင်လို့ ဝေဖန်ပြောဆိုတာကို လက်ခံတယ်။ အဖွဲ့အစည်းတခုသော်လည်းကောင်း၊ အသင်းအဖွဲ့တခုသော်လည်းကောင်း၊ နောက်ပြီးတော့ တိုင်းရင်းသားအချင်းအချင်း စည်းလုံးညီညွတ်မှုပျက်ပြားစေအောင် ပုဂ္ဂလိကတဦးကိုတဦး အရှက်တကွဲအကျိုးနည်းဖြစ်သွားအောင် ထိခိုက်နစ်နာစေ၊ အထင်အမြင်လွဲစေ၊ သွေးကွဲစေ၊ လူမျိုးအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်း ကွဲစေမယ့်အကြောင်းအရာတွေကို မပါလာအောင် ထိန်းကျောင်းပေးသွားမှာ ဖြစ်ပါတယ်''ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ 

ထို့အပြင် ၁၆ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရိုးရာ သင်္ကြန်ပွဲတော်ကိုလည်း သုဝဏ္ဏအားကစားကွင်းတွင်ကျင်းပမည်ဖြစ်ပြီး မတ်လ ၃ ရက်တွင် ရခိုင်ဓမ္မာရုံ၌ သင်္ကြန်ကိစ္စအစည်းအဝေးပြုလုပ်ကာ ကော်မတီများဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ 



လင်းလင်းအောင်
News Watch 

0 comments:

Post a Comment