
မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီနှင့် ငှက်ဖျားရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) က အမေရိကန်ဒေါ်လာသန်း ၉၀၀ ကျော်ပံ့ပိုးကူညီပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်အရသိရသည်။
ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီနှင့် ငှက်ဖျားရောဂါ စီမံချက်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNOPS နှင့် မိတ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ စီမံချက်ပြန်လည် မွမ်းမံရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားစဉ်ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်)၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ အတွက် မိမိတို့မြန်မာနိုင်ငံကို အကူအညီ ပေးခဲ့သော ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) ကို အထူးကျေးဇူးတင် အသိအမှတ်ပြုကြောင်း၊ Global Fund အဖွဲ့သည် (၂၀၁၁) ခုနှစ်မှ (၂၀၁၆) ခုနှစ်အတွင်း အမေရိကန်ဒေါ် သန်း (၅၀၀) နှင့် (၂၀၁၇) ခုနှစ်မှ (၂၀၂၀) ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ (၄၃၉) သန်း ပံ့ပိုးကူညီပေးခဲ့သဖြင့် ရောဂါ (၃) မျိုး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း၊ အဆိုပါပမာဏသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် အလွန်များသည့် ပမာဏပင် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကပြောသည်။
(၂၀၁၈) ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ရောဂါ (၃) မျိုး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဆောင်ရွက်ချက်များ၏ အောင်မြင်မှု၊ ရန်ပုံငွေ သုံးစွဲမှုနှင့် စီမံခန့်ခွဲမှု၊ ရန်ပုံငွေ စုဆောင်းနိုင်မှုများကို ပြန်လည်သုံးသပ်၍ (၂၀၁၉) ခုနှစ်နှင့် (၂၀၂၀) ခုနှစ်တွင် ဆောင်ရွက်မည့် စီမံချက်ပြန်လည် မွမ်းမံပြင်ဆင်ရေးဆွဲရာ၌ ဂရုပြုဆောင်ရွက်ရမည့် အချက်များကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မှာကြားခဲ့သည်။
The Ladies News






0 comments:
Post a Comment