ဘိုးရင်း ၇၃၇ Max လေယာဉ် တစ်စင်းသည် အင်္ဂါနေ့က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုလေဆိပ်မှ ပျံတက်ပြီး တစ်ခဏအတွင်းမှာပင် အင်ဂျင်ပြဿနာ ကြုံတွေ့ခဲ့ရပြီးနောက် အရေးပေါ်ဆင်း သက်မှုပြုလုပ်ခဲ့ရသည်ဟု အမေရိကန် ဖက်ဒရယ် လေကြောင်းဦးစီးဌာန FAA က ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်၏ကမ္ဘာကျော် လေယာဉ်ထုတ်လုပ်သူ ဘိုးရင်းသည် အီသီယိုး ပီးယားနှင့် အင်ဒိုနီးရှားတွင် ငါးလအတွင်း နှစ်ကြိမ်ပျက်ကျခဲ့သော ၇၃၇ Max ၏ ဂုဏ်သတင်းကို အဖတ်ဆယ်ရန် အသည်းအသန် ရုန်းကန်နေရသည်။
ှSouthwest လေကြောင်းလိုင်းမှ လေယာဉ်သည် အော်လန်ဒို နိုင်ငံတကာ လေဆိပ်မှ ပျံတက်ပြီးနောက် ဆယ်မိနစ်အကြာတွင် အဆိုပါလေဆိပ်သို့ အရေးပေါ်ဆင်းသက်မှု ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါလာခြင်းမရှိဟုလည်း သိရှိရသည်။
ကျွမ်းကျင်သူများက အဆိုပါဖြစ်စဉ်ကို လေ့လာနေသော်လည်း ၇၃၇ Max ၏ ချို့ယွင်းချက်ရှိနေသော anti-stall စနစ်နှင့် သက်ဆိုင်သော အထောက်အထား တစ်စုံတစ်ရာကို ထုတ်ပြန်ခြင်းမရှိသေးပေ။
ကမ္ဘာတစ်ဝန်းမှ လေကြောင်း အာဏာပိုင်များသည် အီသီယိုးပီးယားနှင့် အင်ဒိုနီးရှားဖြစ်ရပ်နှစ်ခုအပြီးတွင် anti-stall စနစ်တွင် ချို့ယွင်းချက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ၇၃၇ Max လေယာဉ်များကို ပျံသန်းမှု ရပ်ဆိုင်းထားကြသည်။
မတ်လ ၁၀ ရက်က အီဒီယိုးပီးယား လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုတွင် ၁၅၇ ဦး သေဆုံးခဲ့ရပြီး လွန်ခဲ့သော လေးလက အင်ဒိုနီးရှား Lion လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုတွင် ၁၈၉ ဦး သေဆုံးခဲ့ရသည်။
လေယာဉ်ဦးခေါင်း ထောင်နေသည်ဟု အာရုံခံစနစ်က ညွှန်ပြလျှင် လေယာဉ် ဦးပိုင်းကို အလိုအလျှောက် ပြန်စိုက်ချပေးသော Max ၏ anti-stall အလိုအလျှောက် ထိန်းချုပ်စနစ်သည် အဆိုပါ လေယာဉ် ပျက်ကျမှုနှစ်ခုစလုံးတွင် ပတ်သက်မှုရှိသည်ဟု စုံစမ်းစစ်ဆေးသူများက သံသယရှိကြသည်။
ဘိုးရင်းက ၎င်း၏ anti-stall စနစ် ဆော့ဖ်ဝဲ အဆင့်မြှင့်တင်မှုသည် FAA ၏ စစ်ဆေးမှုကို ခံယူရန် အဆင်သင့်ဖြစ်နေပြီဟု စနေနေ့က ပြောကြားခဲ့သည်။
အရေးပေါ်ဆင်းသက်လိုက်ရသော Southwest လေကြောင်းလိုင်းလေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် ဗစ်တာဗီလီ သိုလှောင်ရုံသို့ ထွက်ခွာရန် အော်လန်ဒို လေဆိပ်မှ ပျံတက်ခဲ့ခြင်းဖြစ်သည်။ FAA က ၇၃၇ Max လေယာဉ်များအား ခရီးသည်များ လိုက်ပါခြင်းမရှိလျှင် ပျံသန်းရန် ခွင့်ပြုထားသည်။
The Voice
0 comments:
Post a Comment