Monday, March 4, 2019

ဆက်ကြေးကောက်ခံနေသော TNLA မှ ဒုဗိုလ်အဆင့်ရှိသူအပါအ၀င် ၃ ဦးအား ဖမ်းဆီးအမှုဖွင့်


မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မတရားသဖြင့်ဆက်ကြေးကောက်ခံနေသော TNLA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးကိုတပ်မတော်မှဖမ်းဆီးကာ မိုးကုတ်မြို့မရဲစခန်းသို့အပ်နှံပြီးအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ၀င်္ကဘာကျေးရွာ ဆယ်အိမ်မှူး ဦးခင်မောင်ဝင်း၏ နေအိမ်၌ TNLA လက်နက်ကိုင်အဖွဲ့ရောက်ရှိပြီး ဆက်ကြေး တောင်းခံနေကြောင်း သတင်းအရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၄၈)ကတပ်ဖွဲ့ဝင်များက ရှောင်တခင် သွားရောက်စစ်ဆေးခဲ့ကြသည်။ 

စစ်ဆေးချက်အရ မတရားဆက်ကြေးတောင်းခံသော ဒုဗိုလ်အဆင့်ရှိရွှေထူး(၃၂)နှစ်၊ တပ်သားအောင်မင်း၊ (၅၅)နှစ်နှင့် ဥာဏ်လင်းဦး၊ (၂၁)နှစ်တို့(၃)ဦးကိုဖမ်းဆီးရမိခဲ့ကာ ၎င်းတို့၏လုပ်ရပ်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် "ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်" အပိုဒ်(၅)နှင့်(၆)တို့အား ချိုးဖောက်သည်ဆိုကာ မိုးကုတ်မြို့မရဲစခန်းသို့ ဥပဒေအရအမှုဖွင့်ရန်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၄၈)ကတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့က စခန်းကို လာရောက်အပ်နှံခဲ့တာပါ။ သူတို့ကပဲ တရားလိုပြုလုပ်တိုင်တန်းခဲ့ပါတယ်။ ဖမ်းဆီးရမိသူ ၃ ဦးနဲ့ သက်သေခံပစ္စည်းဖြစ်တဲ့ စကားပြောစက်၊ ဖုန်းနဲ့ ဆက်ကြေးကောက်ခံတဲ့စာရွက်စာတမ်းတွေလည်း အပ်နှံသွားပါတယ်။လက်ရှိမှာတော့ အမှုကိုစစ်ဆေးနေဆဲဖြစ်ပြီး တရားစွဲတင်ဖို့အတွက် လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” လို့ မိုးကုတ်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ(၄)ရက်တွင် အကုန်သိသတင်းဌာနသို့ ပြောသည်။ 

အမှုနှင့်ပတ်သက်၍ TNLA လက်နက်ကိုင်အဖွဲ့မှ ဒုဗိုလ်ရွှေထူး(၃၂)နှစ်ပါ ၃ ဦးကို မိုးကုတ်မြို့မရဲစခန်း၌ ဥပဒေပုဒ်မ-၁၇(၁)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ 

ဒါးဇ(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment