Thursday, March 7, 2019

TNLA မှ ခိုလုံလီရှောတိုင်းရင်းသားများကို ဖမ်းဆီးကာ ငွေကြေးတောင်ခံမှုများ ရှိနေသည်ဟု ဆို


တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ခိုလုံလီရှောတိုင်းရင်းသားများကို ပြန်ပေးစွဲသည့်ပုံစံဖြင့် ဖမ်းဆီးကာ ငွေကြေးတောင်းခံမှုများရှိနေသည်ဟု ပန်းဆေးလူငယ်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မသိမ့်က The Ladies News သို့ ပြောကြားသည်။

၂၀၁၈၊ ဇူလိုင်အတွင်းက TNLA အဖွဲ့သည် ပထမအကြိမ်အဖြစ် နမ့်ခမ်းမြို့နယ်၊ ၀ါလျှော်ကျေးရွာမှ ခိုလုံလီရှော တိုင်းရင်းသားကျောင်းသား ၁၈ ဦးနှင့် လူကြီး ၄ ဦးကို ဖမ်းဆီးသွားသောကြောင့် တစ်ဦးကို သိန်း ၅၀ ဖြင့် ပြန်ရွေးခဲ့သည်ဟု ဆိုသည်။
`ကျောင်းဆင်းချိန်နဲ့ သူတို့တပ် (TNLA)နဲ့ တိုးတော့ သူတို့ဖမ်းသွားတယ်။ ပြန်ပေးစွဲတယ်။ တစ်ယောက်ကို သိန်း ၂၀၀။ နောက်ဆုံးသွားညှိတဲ့အခါကျတော့ တစ်ယောက်ကို သိန်း ၅၀ နဲ့ရတယ်။ တချို့ အိမ်တစ်အိမ်ဆို မိခင်တစ်ယောက်ထဲကို ခလေးသုံးယောက် ဆိုတော့ သိန်း ၁၅၀ ပေးရတယ်`ဟု မသိမ့်က ပြောကြားသည်။
၂၀၁၉၊ တစ်လပိုင်း ၆ ရက်နေ့တွင်လည်း ပန်းမောက်ရွာနှင့် တာကွန့်ရွာမှ ရွာသား ၁၅ ဦးအား ဖမ်းဆီးခေါ်သွားခဲ့ကြောင်း၊ ဖမ်းဆီးခံသူများထဲမှ ၆ ဦးအား တစ်ဦးကို သိန်း ၃၀ ဖြင့် ပြန်ရွေးခဲ့ပြီး ကျန်း ၉ ဦးမှာတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟုဆိုသည်။
`၆ ရက်နေ့ မနက် ၉ နာရီမှာတစ်ခါ ကျွန်မတို့ ပန်းဆေးဒေသ ၀ါလုရွာကို တစ်ခါပြန်ဝင်တယ်။ ၈ ယောက်ဖမ်းသွားတယ်။ အဲဒါကို သိန်း ၃၀ နဲ့ လာရွေးလို့ပြောထားတယ်။ ဒီရွာတွေအတွက် ဘယ်လိုလုပ် သွားရွေးနိုင်မလဲ။ သူတို့နဲ့ ကပ်နေတဲ့ရွာတွေကို လာလုပ်တာ` ဟု မသိမ့်က ပြန်ပေးစွဲခံထားရသည့် အခြေအနေကို ရှင်းပြသည်။
ပန်းဆေးဒေသမှ ခိုလုံလီရှော တိုင်းရင်းသားများအား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကြေး တောင်ခံနေခြင်းနှင့် ပတ်သက်ပြီး TNLA မှ ပြန်ကြားရေး တာဝန်ခံအား ဆက်သွယ် မေးမြန်းသော်လည်း ယနေ့ နေ့ လယ်ပိုင်းအထိ ဆက်၍မရခဲ့ပေ။
TNLA က ရွာသားများအား ဖမ်းဆီးကာ ပြန်ပေးစွဲသည့်ပုံစံ ငွေကြေးတောင်းခံနေခြင်းနှင့်ပတ်သက်ပြီး၊ ယင်းကိစ္စကို ဖြေရှင်းပေးရန်အတွက် ရှမ်းပြည်နယ်စိုးရကိုလည်း တိုင်းကြားထားကြောင်းနှင့် ယခုလကုန်ပိုင်းတွင်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ပန်းဆေးလူငယ်အဖွဲ့မှ ပြောရးဆိုခွင့်ရှိသူကပြောကြားသည်။

The Ladies News

0 comments:

Post a Comment