Wednesday, April 24, 2019

ဖါးကန့်မှာ မြေပြိုပြန်


ဧပြီလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှာ နွံကန် ပေါက်ကျပြီး အလုပ်သမား အယောက် ၅၀ ကျော် ပျောက်နေဆုံးတဲ့ ဖြစ်စဉ်မှာ ရှာဖွေတူးဖော်မှုတွေ လုပ်နေဆဲမှာပဲ ဧပြီ ၂၄ ရက် မနက်ပိုင်းက မြေစာပုံ ပြိုကျမှု (၂)ခု ထပ်မံ ဖြစ်ပွားခဲ့ပြန်ပါတယ်။

ဖားကန့်မြို့ အနောက်မြောက်ဘက်၊ မော်မောင်းလယန်ကျေးရွာအနားက ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDCP)လုပ်ကွက်ဝင်းအတွင်းကို အမြင့်ပေ(၆၀)ခန့်ရှိ မြေစာပုံပြိုကျခဲ့တာပါ။

အဲဒီမြေစာပုံပြိုကျခဲ့တာကြောင့် အသက် (၄၀)အရွယ် ဦးအောင်တင့်မှာ နေရာမှာတင်သေဆုံးခဲ့ပြီး အသက်(၂၄)နှစ်အရွယ် ဦးမဲလှအောင် ကတော့ ဘက်ဟိုးယာဉ် နှစ်စီး၊ မြေသယ်ယာဉ်နှစ်စီးတို့နဲ့အတူ မြေစာတွေနဲ့မျောပါကာ ပျောက်ဆုံးနေခဲ့ပါတယ်။

နောက်ထပ် မနက်(၉)နာရီမှာလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမြောက်ဘက် ခုနစ်မိုင်ခန့်အကွာ ကထန်ကျေးရွာအနီးရှိ ဝမ်းဘရားသားကုမ္ပဏီ လုပ်ကွက်အတွင်းကို အမြင့်ပေ(၈၀)ခန့်ရှိတဲ့ မြေစာပုံပြိုကျခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အသက်(၃၅)နှစ်အရွယ် ယာဉ်မောင်း ကိုကိုဆင့်ဟာ ယာဉ်နဲ့အတူ မြေစာတွေအတွင်း မျောပါသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ(၂၃)ရက် နေ့က ရွှေနဂါးကိုး ကောင်ကုမ္ပဏီနဲ့ မြန်မာသူရကုမ္ပဏီလုပ်ကွက်အတွင်း နွံကန်ပေါက်ကျမှုဖြစ်ပွားခဲ့စဉ်အတွင်း ပျောက်ဆုံးနေသူ (၅၄)ယောက်ထဲက (၄)ယောက်ရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ပျောက်ဆုံးနေသူတွေနဲ့ ယာဉ်ယန္တယား ၄၀ နီးပါးကို ဆက်ပြီးရှာဖွေနေတယ်လို့ သိရပါတယ်။


သတင်း-ဝင်းနိုင်(ကချင်မြေ)

0 comments:

Post a Comment