Sunday, April 28, 2019

ဂျပန်ဧကရာဇ် နန်းစွန့်ပွဲမတိုင်မီ ရက်ပိုင်းတွင် မင်းသားငယ်၏ ကျောင်းစာရေးစားပွဲအနီး ဓားများတွေ့ရှိခဲ့


ဂျပန်နိုင်ငံတွင် ဧကရာဇ် အကီဟီတို၏ နန်းစွန့်ပွဲမတိုင်မီ ရက်ပိုင်းတွင် မြေးဖြစ်သူ မင်းသားငယ်၏ စာသင်ကျောင်း စားပွဲခုံအနီးတွင် ဓားနှစ်လက်တွေ့ရှိခဲ့ပြီးနောက် ရဲက စုံစမ်းစစ်ဆေးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 
မင်းသားငယ် ဟီဆာဟီတို တက်ရောက်နေသော အလယ်တန်းကျောင်းရှိ စာသင်ခန်းအတွင်း၌ ဓားများကို သောကြာနေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

စာသင်ကျောင်းအတွင်းသို့ ချင်းနင်း ဝင်ရောက်ခဲ့သော လူတစ်ယောက်၏ စီစီတီဗီ ရုပ်သံပုံရိပ်များကို ရဲများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ 

မင်းသားငယ်သည် လာမည့်အပတ် ဧကရာဇ်အကီဟီတို နန်းစွန့်ပြီးနောက်တွင် ထီးနန်းဆက်ခံခွင့် ဒုတိယနေရာတွင် ရှိသူ ဖြစ်လာမည်ဟု သိရှိရသည်။ 

အိုချာနိုမီဇူတက္ကသိုလ်ရှိ စာသင်ကျောင်းအတွင်းသို့ ဆောက်လုပ်ရေး လုပ်သားအသွင်ယူထားသော ဝတ်စုံပြာနှင့် ခမောက်ဆောင်းထားသူတစ်ဦး ဝင်ရောက်ခဲ့သည်ဟု ရဲများက ယုံကြည်ထားသည်။ 

ဓားများ လာထားသွားသည့်အချိန်တွင် မင်းသားဟီဆာဟီတိုနှင့် အတန်းဖော်များမှာ အခြားတစ်နေရာသို့ ရောက်နေကြသည်ဟု ဆိုသည်။ 

မင်းသားကို ရဲအရာရှိများက စောင့်ရှောက်ပေးလျက်ရှိသော်လည်း စာသင်ခန်းများအတွင်းအထိ လိုက်ပါခြင်းမရှိဟု သိရှိကြသည်။ 

စာသင်ခန်းအတွင်းရှိ စားပွဲခုံများတွင် ကျောင်းသားအမည်များကို တိပ်ဖြင့် ကပ်ထားရာ မင်းသားငယ်၏ စားပွဲခုံကို အလွယ်တကူ သိရှိနိုင်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။ 

ဓားများ၏အသွားကို ပန်းရောင်ခြယ်ထားသည်ဟုလည်း သိရှိရသည်။ 

ဧကရာဇ် အကီဟီတို၏ နန်းသက်နှစ် သုံးဆယ် အဆုံးသတ်မည့် အင်္ဂါနေ့ နန်းစွန့်ပွဲမတိုင်မီ အဆိုပါဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

ကျန်းမာရေးမကောင်းမွန်သော အကီဟီတို ၈၅ နှစ်၏ နန်းစွန့်မှုဖြစ်စဉ်သည် ၁၈၁၇ နောက်ပိုင်း ဂျပန်ရာဇဝင်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။ 

၎င်း၏သားဖြစ်သူ အိမ်ရှေ့စံ နာရူဟီတိုက ထိုနေ့တွင်ပင် ဂျပန်ထီးနန်းကို ဆက်ခံမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံ၏ ဧကရာဇ်သည် နိုင်ငံရေးအာဏာ ရယူထားခြင်းမရှိဘဲ အမျိုးသားအဆင့် အဆောင်အယောင်အဖြစ် ဧကရာဇ်တာဝန်ကို ထမ်းရွက်ခြင်းဖြစ်ပြီး တော်ဝင်မိသားစုအပေါ် ခြိမ်းခြောက်မှုများမှာ သိသိသာသာ ရှားပါးသည်။ 

The Voice

0 comments:

Post a Comment