မှောင်ခိုပစ္စည်း သတင်းပေးသူကို ဖမ်းမိတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းအထိ ဆုကြေးပေးမည်ဟု နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ယခင်က သတင်းပေးသူအတွက် အစိုးရက ပေးသည့် ဆုကြေးမှာ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။
ထို့အတူ ဖမ်းမိအဖွဲ့ကိုလည်း ဆုကြေးအနေဖြင့် ယခင်ကဖမ်းမိတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းသာ ပေးနေရာမှ ယခု ၃၀ ရာခိုင်နှုန်း အထိ ပိုတိုးပေးမည်ဖြစ်ကြောင်းနှင့် ဆုငွေ ချီးမြှင့်မှုများကို ခေတ်နှင့် လျော်ညီစွာ တိုးမြှင့်ပေးခြင်းဖြစ်သည်ဟု ဒုတိယသမ္မတက ရှင်းပြသည်။
နိုင်ငံတော်က တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် အထူးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဖမ်းဆီးအရေးယူနေရာ ၂၀၁၉ ခုနှစ်၊ မေလအထိဖမ်းဆီးအရေးယူမှု (၅၉၄) ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၁၀ ဒသမ ၃၇၁) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ယင်းပမာဏ တန်ဖိုးအပေါ် တာဝန်ရှိသူများက ထိရောက်သည့် ပမာဏ မဟုတ်သေးဟု မှတ်ချက်ပေးကြပြီး ယခုထက်ပိုတိုး၍ ဖမ်းဆီးနိုင်ရန်၊ ပိုမိုထိရောက်စွာဖမ်းဆီးသွားရန် အစိုးရက စီစဉ်လိုက်ခြင်းဖြစ်သည်ဟုလည်း တာန်ရှိသူများက ပြောကြသည်။
ဆုကြေးတိုးမြှင့်မှုများအရ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ စခန်းများမှ ဖမ်းဆီးကုန်ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး ထုခွဲရောင်းချရရှိငွေအပေါ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ (၅၀) ရာခိုင်နှုန်း၊ သတင်းပေးသူအား (၂၀) ရာခိုင်နှုန်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့ အစည်းများအား (၃၀) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများအနေဖြင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ (၃၀)ရာခိုင်နှုန်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ (၂၀)ရာခိုင်နှုန်း၊ သတင်းပေးသူအား (၂၀) ရာခိုင်နှုန်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းများအား (၃၀) ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးဆုငွေ ချီးမြှင့်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နဒီ
Isee Media
0 comments:
Post a Comment