Monday, July 1, 2019

ရန်ကုန်မြို့သစ် စီမံကိန်းအတွင်း နွေစပါးစိုက်ပျိုးခွင့်မပေးတော့ကြောင်း ကြေညာ



ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်တော့မည့်ဖြစ်သည့်အတွက် စီမံကိန်းဧရိယာ အတွင်း နွေစပါးစိုက်ပျိုးခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ 
ယင်းသို့ နွေစပါးစိုက်ပျိုးရန်ရပ်ဆိုင်းခြင်းသည် စတင်အကောင်အထည်ဖော်တော့မည့် ရန်ကုန်မြို့ သစ်စီမံကိန်း တည်ဆောက်မှု လုပ်ငန်းများနှောင့်နှေးကြန့်ကြာနိုင်သောကြောင့် ယခုကဲ့သို့ ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဇွန်လ ၂၈ရက်နေ့ ရက်စွဲ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။ 
တစ်ချို့သော တောင်သူများမှာ နွေစပါးစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေခြင်း ကြောင့် 
ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းရှိ လယ်မြေများတွင် လက်ရှိစိုက်ပျိုးထားသော မိုးစပါးနှင့်စကမုရင်းစပါးများမှာ ရိုတ်သိမ်းရာသီဖြစ်သော နိုဝင်ဘာတွင် နောက်ဆုံးထားရိတ်သိမ်းရန် ၊နွေစပါးစိုက်ပျိုးခြင်းအပြင် အခြားမည်သည့် သီးနှံမှစိုက်ပျိုးခွင့်မရှိ ကြောင်းလည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။ 
ယင်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း မိမိတို့ရွာအုပ်စုအတွင်းရှိ အသိပေးတားမြစ်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှုများ ပြန်တင်ပြရန် ညွှန်ကြားထားသည်။ 
ရန်ကုန်မြို့သစ်ကို တည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ NYDC ကိုထူထောင်ခဲ့ပြီး NYDC က ဦးဆောင်၍ လူထုတွေ့ဆုံပွဲများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကာ သက်ဆိုင်သူများနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့်လည်း မြေသိမ်းဆည်းမှုများအတွက် လျော်ကြေးများပေးရန် အသေးစိတ်ဆွေးနွေးခဲ့ကြောင်း၊နောက်ဆုံးမြေသိမ်းဆည်းခံရသူများအား သိမ်းဆည်းခံရမှု ၂၀ ရာခိုင်နှုန်း ကို မြို့မြေအဖြစ်ပြန်လည်ပေးအပ်မည်ဟုဆုံးဖြတ်ထားကြောင်း သိရသည်။ 
ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) များကို NYDC နှင့် အကြံပေး Environmental Resources Management (ERM) အဖွဲ့တို့ ပူပေါင်းပြီး လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ 
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ယခင်က တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများသည် သိန်းငါးသောင်း အပေါင်တင် ခဲ့ရပြီး တင်ဒါအောင်မြင်ပြီး တစ်နှစ်ကြာမှ တင်ဒါ ဖျက်သိမ်းခံခဲ့ရသဖြင့် နစ်နာမှု များရှိနိုင်ကြောင်း၊ သို့သော်လည်း အစိုးရမှ ဝင်ရောက်လုပ်ကိုင်ရမည့် ကြီးမားသော ပရောဂျက်ဖြစ်သဖြင့် ယင်းကုမ္ပဏီများကလည်း တင်ဒါဖျက်သိမ်းခြင်းကို သဘောတူလက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားထားသည်။ 
ရန်ကုန်မြိုံသစ်စီမံကိန်းအဆင့် ၁ ကို ရန်ကုန်မြို့ ၊ကြည့်မြင်တိုင် အနောက်ဖက်ကမ်းရှိ မြေဧက ၂သောင်းခန့်တွင် စတင်တည်ဆောက်မည် ဖြစ်ပြီး မြို့သစ်သို့ သွားလာနိုင်သည့် တံတား ၂ စင်း၊ကီလိုမီတာ ၂၅ အရှည် ပင်မ လမ်းများ၊၁၀ စတုရန်းကီလိုမီတာ အကျယ်ရှိ စက်မှုဇုန်နယ်မြေ ၊၂၂၃ မီဂါဝပ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအဆောက်အအုံများ၊ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ 

ဇွဲခန့်
Isee Media 


0 comments:

Post a Comment