Tuesday, July 23, 2019

ရေနံချောင်းမြို့နယ်တွင် ကျေးရွာနှစ်ရွာ မြေနုကျွန်းပိုင်ဆိုင်မှုအငြင်းပွား၍ ပဋိပက္ခဖြစ်ရာမှ စက်လှေတစ်စီးနစ်မြုပ်ကာ လူအယောက် ၃၀ ကျော် ပျောက်ဆုံးနေပြီး အလောင်း ငါးလောင်း တွေ့ရှိထား


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာနှင့် ကန်သာရွာသစ်ကျေးရွာတို့တွင် မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွား၍ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက ပဋိပက္ခဖြစ်ရာမှ စက်လှေတစ်စီး နစ်မြုပ်ကာ လူအယောက် ၃၀ ကျော် ပျောက်ဆုံးနေပြီး ဇူလိုင် ၂၄ ရက် (ယေနေ့) နံနက် ၁၁ နာရီအချိန်တွင် အလောင်း ငါးလောင်း တွေ့ရှိထားကြောင်း ကနဦးသတင်းရရှိသည်။
ဧရာဝတီမြစ်လယ်ကျွန်းများပေါ်တွင် တည်ရှိသည့် အဆိုပါကျေးရွာ နှစ်ရွာနှင့် ထိစပ် မြေနုကျွန်းအား ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်ကတည်းက အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဇူလိုင် ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က ဖရဲကျွန်းကျေးရွာ ဒေသခံ အယောက် ၁၅၀ ခန့်က စက်လှေအသေး နှစ်စီးဖြင့် ကန်သာရွာသစ် ကျေးရွာသို့ ကူးသွားခဲ့ပြီး လူနေအိမ် နှစ်လုံးမှ ထရံအကာများကို ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် ကန်သာရွာသစ်ကျေးရွာမှ ဒေသခံ ၁၀၀ ခန့်က လေးခွနှင့်ပစ် တုတ်ဖြင့် ရိုက်ကြသောကြောင့် ဖရဲကျွန်းကျေးရွာ ဒေသခံများက စက်လှေဖြင့် ထွက်ပြေးကြကြောင်း ထိုသို့ထွက်ပြေးစဉ် ဧရာဝတီမြစ်အတွင်း စက်လှေ နစ်မြုပ်ခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

“ မြေနုကျွန်း ပိုင်ဆိုင်မှု အငြင်းပွားရာကနေ ပဋိပက္ခတွေ ဖြစ်ကြတာပါ။ အခုမနက်မှာ အမျိုးသားအလောင်း သုံးလောင်းနဲ့ အမျိုးသမီးအလောင်း နှစ်လောင်း တွေ့ရှိထားပါပြီ။ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ရှာဖွေရေးတွေ ဆောင်ရွက်နေပါတယ် ” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဇူလိုင် ၂၄ ရက် (ယနေ့) နံနက် ၁၁ နာရီက The Daily Eleven သတင်းစာသို့ အတည်ပြု ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment