၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ၌ ဌာနသုံးခု သုံးဦးသုံးဖလှယ် လုပ်ရသည့်အတွက် ဘယ်တော့မှ မမှန်ကန်နိုင်ဘဲ မဲစာရင်းမှားနိုင်သည်ဟု ခံယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
ဇူလိုင်၂၃ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင်ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သတင်းမီဒီယာကောင်စီတို့၏ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကာလအတွင်း မီဒီယာ၏ အခန်းကဏ္ဍအပေါ် ပူးပေါင်းဖော်ဆောင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“မူရင်းကောင်းမှ မိတ္တူကောင်းမှာ။ မူရင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပဲ။ နောက်တစ်ခုက လဝကပဲ။ ဒါကျွန်တော် လုပ်ငန်းသဘောကို ဘော်လီဘောပုတ်တဲ့ သဘောမဟုတ်ပါဘူး။ အခြေအနေကို သိအောင်တင်ပြတာ။ ဒီသုံးဦးသုံးဖလှယ်လုပ်တဲ့ လုပ်ငန်းက ဘယ်တော့မှ မမှန်ကန်နိုင်ဘူး။ ကျွန်တော်ခံယူထားပြီးသား။ ဒါမှားနိုင်တယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ၌ အချက်အလက်များထည့်သွင်းရာ၌ မှားနိုင်သည့်အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောင်းရွှေ့လူဦးရေ စာရင်းနှင့်ကွယ်လွန်သူစာရင်းများအား ပယ်ဖျက်ရန်မှားယွင်းနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အနေဖြင့် မိမိတို့ဌာနတွင်ရှိနေသည့် အချက်အလက်များကိုသာစစ်ဆေးရပြီး ၎င်းတို့ဌာန တွင်မရှိသည့်အချက်အလက်များအား စစ်ဆေးနိုင်ခြင်းမရှိသည့်အတွက် မဲစာရင်းမှားယွင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီသုံးဦးပေါင်းတဲ့မဲစာရင်းက မှန်မယ်ဆိုရင် ကျွန်တော်လည်း မယုံကြည်ဘူး။ ကျွန်တော်ကိုယ်တိုင် မယုံကြည်ဘူး။ ဒီသုံးဦးမှာ ချို့ယွင်းချက်တစ်ခုစီရှိနေတယ်။ မဲစာရင်းကို သုံးဦးသုံးဖလှယ်ပြုစုပြီး ကျွန်တော်တို့ အခြေခံမဲစာရင်းကို ကပ်လိုက်တယ်။ ကပ်လိုက်တာ အမှားပါမှန်းသိလို့ ကပ်လိုက်တယ်။ ဘာရည်ရွယ်ချက်နဲ့ကပ်တာလဲဆိုတော့ ဒီမဲစာရင်းက ဒီမဲစာရင်းကြီးက အပြည့်အစုံမမှန်ပါဘူးလို့ ထည့်လိုက်ရင် သိက္ခာကျမှာစိုးလို့ အဲဒါကို မထည့်တာ။ ဒါကြောင့်မို့လို့ ပြည်သူများ မိမိမဲရုံမှာ မဲစာရင်းကပ်တဲ့အခါ လာကြည့်ပါ။ အိမ်ထောင်တစ်ခုမှာ တစ်ယောက်လာကြည့်လည်းရတယ်။ အဲဒီအိမ်မှာရှိတဲ့ သိကျွမ်းနိုင်မယ့်လူတစ်ယောက် လာကြည့်ရင်ကျန်တဲ့သူကို ဖြည့်ဖို့လိုတယ်” ဟု ဦးလှသိန်းက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ လူဦးရေးစာရင်းကတော့ အခြေခံကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပဲ။ သူ့အောက်မှာရပ်ကွက်တိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရှိတယ်။ ကျေးရွာတိုင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရှိတယ်။ ဒီနှစ်ဦးက သူ့နယ်မြေအတွင်းမှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာ အသိဆုံးပဲ။ အဓိကကိုင်ထားတဲ့ စာရင်းပေါ့။ ကျွန်တော်တို့က အဲဒီစာရင်းတောင်း ရတယ်။ ရတော့ အဲဒီလူဦးရေက မှတ်ပုံတင် ရှိရဲ့လား။ နိုင်ငံသားဟုတ်ရဲ့လား။ ၁၈ နှစ် ပြည့်ရဲ့လားဆိုတော့ Data ကျတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အကူအညီတောင်းပြီးစစ်ပေးပါ။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကလည်း သူ့ဆီမှာရှိတဲ့ Data ပဲစစ်နိုင်တာ။ သူတို့ထုတ်ပေးထားတဲ့ စိစစ်ရေးကတ်ပြားရှိတဲ့သူကိုပဲ စစ်ပေးနိုင်တာ။ မရှိတဲ့သူကို မစစ်နိုင်ဘူး။ သူတို့စစ်ပေးနိုင်တာကိုပဲ စစ်ပေးတဲ့အတွက် မစစ်ပေးနိုင်တဲ့ဟာကျတော့ ကျွန်တော်တို့ မှန်မယ်လို့ တာဝန်မယူနိုင်ဘူး။ ထို့အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးတဲ့စာရင်းဟာလည်း ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးက သေချာပြီလား။ တစ်ယောက်မှ မကျန်တာဟုတ်ရဲ့လား။ ပြောင်းသွားတဲ့သူတွေ နုတ်ပြီးပြီလား။ ရွှေ့လာတဲ့သူတွေကို ပေါင်းပြီးပြီလား။ ကွယ်လွန်တဲ့သူတွေ ဖျက်ပြီးပြီလား။ ဒါတွေဟာ သူတို့မှာ တိတိကျကျ လုပ်နိုင်လေ မဲစာရင်းက မှန်ကန်လေ” ဟု ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြဿနာမပေါ်ပေါက်ဘဲ ပြည့်စုံမှန်ကန်သည့် မဲစာရင်းဖြစ်စေရန် ပြည်သူများ၊ သတင်းကောင်းစီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်အတူ ပညာပေးခြင်းများဆောင်ရွက်ခြင်းဖြင့် ပြည်သူများကိုယ်တိုင်ပါဝင်မှ ရမည်ဆိုသည်ကို လက်ခံသွားပါက မိမိတို့အနေဖြင့် လုပ်ဆောင်ရကျိုးနပ်ကြောင်း ဦးလှသိန်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ်အား မဲစာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ထားသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင် ဆန္ဒမဲပေးနိုင်သည့်ဦးရေ ၃၄ သန်းခန့်ရှိပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်မည့်ဦးရေ ငါးသန်းခန့် တိုးလာနိုင်သည်ဟု ခန့်မှန်းထားသည်။
Eleven Media Group






0 comments:
Post a Comment