Sunday, July 21, 2019

သုံးနှစ်အတွင်း ခွေးရူးပြန်ကာကွယ်ဆေးနှင့် ပဋိပစ္စည်းများအတွက် ဝန်ကြီးဌာနက ကျပ် ၁၃ ဘီလျံကျော် သုံးစွဲခဲ့ပြီး ခွေးကောင်ရေ မထိန်းချုပ်ပါက ဝန်ကြီးဌာန၏ ဘတ်ဂျက်အများစု သုံးစွဲရမည့် အခြေအနေတွင် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


၂၀၁၆-၂၀၁ရမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ခွေးရူးပြန်ကာကွယ်ဆေးနှင့် ပဋိပစ္စည်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ် ၁၃ ဒသမ ၇၂ ဘီ လျံ ကျခံသုံးစွဲခဲ့ပြီး ခွေးကောင်ရေ မထိန်းချုပ်ပါက ဝန်ကြီးဌာန၏ ဘတ်ဂျက်အများစု သုံးစွဲရမည့် အခြေအနေတွင် ရှိနေကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၏ မေးမြန်းချက်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ခွေးကိုက်သည့်အခါ မိမိတို့ပြည်သူလူထုကို မသေအောင်၊ အန္တရာယ်မရှိအောင် ကာကွယ်ဆေးများ ဝယ်နေကြောင်း၊ လက်ရှိအစိုးရလက်ထက် သုံးနှစ်တာအတွင်း ခွေးရူးနှင့် ပတ်သက်ပြီး Anti-rabies vaccine ၁၃ ဒသမ ၇၂ ဘီလျံ ဝယ်ယူပါကြောင်း၊ အကယ်၍ ခွေးမကိုက်ပါက ၎င်းပိုက်ဆံ ၁၃ ဒသမ ၇၂ ဘီလျံ မကုန်ပါကြောင်း၊ ထို့ပြင် အလွန်အန္တရာယ်ရှိသည့် Category-3 တွင် အကိုက်ခံရသည့် လူနာများဆိုပါက ခွေးကိုက်ခံရသည့် နေရာတွင် Rabies immunoglobulin ထိုးပေးရပြီး ၎င်းအတွက် ဝယ်ရသည်မှာ ၁ ဒသမ ၂ ဘီလျံရှိ ကြောင်း၊ နှစ်ခုပေါင်းလျှင် ကျပ် ၁၅ ဘီလျံခန့် လက်ရှိအစိုးရလက်ထက်တွင် သုံးထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“Rabies vaccine တစ်လုံးထိုး ရင် ၈၀၀၀ ကျော်ကုန်ကျပါတယ်။ Intramuscular အသားထဲထိုးရင် လေးလုံးကုန်တဲ့အတွက် ၃၂၀၀၀ ကျပ် ကျပါတယ်။ အကယ်၍ Intradermal ဆိုရင် နှစ်လုံးပဲကုန်တဲ့အတွက် ၁၆၀၀၀ သာကျပါတယ်။ ကျွန်တော်တို့ ညွှန်ကြားချက်အကုန် ထုတ်ပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်သူအားလုံးကို ခွေးရူးကာကွယ်ဆေးထိုးရင် ကြွက်သားထဲကို မထိုးဘဲ အရေပြားမှာ ရှပ်ပြီးထိုးရင် ဆေးတစ်ဝက် နီးပါးလောက် သက်သာပါတယ်။ နောက်တစ်ခုက ခွေးအရမ်းကိုက်ရင် Rabies Immunoglobulin ထိုးရပါတယ်။ သူက တစ်လုံးကို ၁၆၅၀၀ ကျပ်ကျပါတယ်။ ခန္ဓာကိုယ် အလေးချိန်ပေါ် မူတည်ပြီး ထိုးရတဲ့အတွက် ပိုက်ဆံအများကြီး ကုန်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ၎င်းဆေးများကို ၁၃ ဒသမ ၇၂ ဘီလျံခန့် ဝယ်ယူကြောင်း၊ ခွေးကိုက်ခံရခြင်းကြောင့် သေဆုံးမှုနှုန်း ၁၉၉၅ ခုနှစ် မှ ၂၀၀၄ ခုနှစ်အထိ ၁၀၀၀ ဦး၊ ၂၀၁၁ ခုနှစ်တွင်၂၄၅ ဦး၊ ၂၀၁၈ ခု နှစ်တွင် ၇၁ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၄၁ ဦးရှိကြောင်း၊ ခွေးရူးကာကွယ်ဆေးများကို တစ်ပြည်လုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ တွင် ပေးထားပြီး တိုက်နယ်ဆေးရုံများကိုမူ မပေးနိုင်သေးကြောင်းနှင့် plus 2 to plus 8 Degree Centigrade ထားရမည်ဖြစ်သောကြောင့် Cold Chain မရှိသည့်အတွက် တိုက်နယ်ဆေးရုံများကို မပေးနိုင်သေးခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“ခွေး Population ရဲ့ ရာခိုင်နှုန်း ၇၀ ကို ကာကွယ်ဆေးတွေ လုပ်ပေးမယ်ဆိုရင် ခွေးရူးရောဂါ လျော့သွားမယ်။ ဘတ်ဂျက်အများကြီးလိုမယ့် Root Cause အဓိကအကြောင်းက ခွေး Population ကျသွားဖို့ အဓိက ကျပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းစဉ်းစားဖို့ လိုပါတယ်။ ဒါမှသာ ကျွန်တော်ခုနကပြောတဲ့ ၁၃ ဒသမ ၇၂ ဘီလျံက သုံးဘီလျံလောက်သာ သုံးဖို့လိုပါမယ်။ ဒါမှမဟုတ်ရင် ၁၃ ဘီလျံကနေ ဘီလျံ ၂၀ ဖြစ်သွားမယ် ဆိုရင်တော့ ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနရဲ့ ဘတ်ဂျက်တော်တော်များများ ဖဲ့ပေးလိုက်ရမယ့်သဘော ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့လိုမယ် ထင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ရှိ ခွေးရူးရောဂါကာကွယ် ရန်၊ ကျပ် ၁၃ ဘီလျံ သက်သာရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြ အထွေထွေရောဂါကုဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကု ဆေးရုံကြီးများတွင် ခွေးကိုက်လူနာ ကုသမှုဌာန (Dog Bite Treatment Centre - DBTC) များကို မေ ၂၉ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် စတင်ဖွင့်လှစ်ချိန်မှ အချိန်တစ်လခွဲအတွင်း ၃၃၂၆ ဦးကို ကာကွယ်ဆေး အကြိမ်ပေါင်း ၁၁၄၆၈ ထိုးနိုင်ခဲ့သည်ဟု ဆိုသည်။
ခွေးရူးပြန်ရောဂ ကာကွယ်ဆေးတွင် အသားဆေးထိုးခြင်း (Intra muscular administration) နှင့် အရေပြားတွင်းထိုးခြင်း (Intradermal administration) နည်းများဖြင့် အသုံးပြုနိုင်ပြီး ID အသုံးပြုမည် ဆိုပါက ဖွင့်ဖောက်ဖျော်စပ်ထားသော ဆေးပုလင်းများသည် ဖွင့်ပြီးခြောက်နာရီအတွင်း အသုံးပြုရမည် ဖြစ်သဖြင့် ဆေးကိုကောင်းမွန်စွာ ချွေတာနိုင်ရန် ဆေးထိုးခြင်းအတွက် လုံလောက်သော  ဆေးထိုးမည့် လူဦးရေကို စုပြီးထိုးပေးနိုင်လျှင် ပိုမိုသင့်တော်ပြီး ဆေးတစ်လုံးလူနာ ငါးဦးထိုးနှံနိုင်သည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံအသီးသီးတွင် ငွေကြေးကုန်ကျမှု သက်သာစေသည့် အရေပြားတွင်း ဆေးထိုးစနစ် အစီအစဉ် Intradermal (ID) rabies vaccination schedule ကို တိုက်တွန်းအားပေးလျက်ရှိပြီး ၎င်းဆေးထိုးနည်းသည် စိတ်ချရပြီး ထိရောက်မှုရှိသည့်အပြင် ခေတ်မီကာကွယ်ဆေးများကို လက်လှမ်းမီပြီး ဈေးသက်သက်သာသာဖြင့် သုံးစွဲနိုင်ကြောင်းလည်း သိရသည်။
ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး ၎င်းရောဂါသည် တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါ တစ်မျိုးဖြစ်သည်။ ခွေးရူးပြန်ရောဂါ ဖြစ်ပွားပုံ သွင်ပြင်နှစ်မျိုးရှိပြီး ပထမတစ်မျိုးမှာ ဂနာမငြိမ် ဖြစ်ခြင်းနှင့် ဒုတိယတစ်မျိုးမှာ အကြောသေခြင်းတို့ ဖြစ်ကြောင်းနှင့် ပထမအမျိုးအစားမှာ ပိုမိုအဖြစ်များလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင် ခွေးရူးပြန်ရောဂါ ဖြစ်ခြင်း၏ ၉၆ ရာခိုင်နှုန်းသည် ခွေးကိုက်ခြင်းကြောင့်ဖြစ်ပြီး ကြောင်၊ မြွေပါ၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေနှင့် အခြား အသားစား တိရစ္ဆာန်များကိုက်၍ ရောဂါကူးစက်နိုင်ကြောင်း သိရသည်။   

Eleven Media Group

0 comments:

Post a Comment