Sunday, July 21, 2019

အစိုးရအဖွဲ့များနှင့် ဝန်ကြီးများ မိမိတို့ကြောင့် ရာထူးများရရှိခြင်းမဟုတ်ဘဲ ပြည်သူကြောင့်ရရှိခြင်းဖြစ်သည်ကို မေ့သွားပြီး အောက်ခြေလွတ်သွားကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား


အစိုးရအဖွဲ့များနှင့်ဝန်ကြီးများ မိမိတို့ကြောင့် ရာထူးများ ရရှိခြင်းမဟုတ်ဘဲ ပြည်သူကြောင့် ရရှိခြင်းဖြစ်သည်ကို မေ့သွားပြီး အောက်ခြေလွတ်သွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇူလိုင် ၂၁ ရက်က နေပြည်တော် ပျဉ်းမနားမြို့ရှိ ကန်တော်မင်္ဂလာခန်းမ၌ ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းပြောကြားရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က အထက်ပါကဲ့သို့  ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်က “အစိုးရအဖွဲ့တွေ၊ ဝန်ကြီးတွေဟာ အောက်ခြေလွတ်သွားတယ်။ ဒီရာထူးရတာ ပြည်သူကြောင့်ရတာ၊ ငါတို့ကြောင့်ရတာမဟုတ်ဘူးဆိုတာ မေ့သွားကြတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း လုပ်မပေးဘူးဆိုပြီးတော့လည်း အစိုးရအဖွဲ့ဝင်တွေနဲ့ ပွတ်တိုက်မှုရှိလာတယ်။ အဲဒီကြားထဲမှာ လွှတ်တော်နဲ့ အစိုးရကလည်း ပွတ်တိုက်မှုရှိလာကြတာ တွေ့ရတယ်။ အဲဒီ တော့ အဲဒါတွေမရှိသင့်ဘူး။ မရှိထိုက်ဘူး။ ဘာကြောင့်လဲ ကျွန်တော်တို့ ဒီမိုကရေစီယဉ်ကျေးမှုကိုက တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရမယ့်အချိန်မှာ ဒါကို မကျင့်သုံးနိုင်ဘူးဖြစ်နေတယ်” ဟု ပြောကြားသည်။
မိမိတို့ ကြိုးစားပမ်းစားလုပ်နေရသည့် အချိန်တွင် ပွတ်တိုက်မှုများ ကြုံတွေ့နေရကြောင်း၊ ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၏ ပွတ်တိုက်မှု၊ ပါတီကို ကျောခိုင်းသွားပြီး ပါတီ၏စကားကို နားမထောင်တော့ဘဲ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်မြင်းကိုယ်စိုင်း စိတ်ထင်ရာလုပ်နေခြင်း၊ ပြည်သူများအပေါ်တွင် မောက်မာလာခြင်း စသည့် အမျိုးမျိုးသော ပွတ်တိုက်မှုများရှိလာကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
“ကျွန်တော်တို့က တာဝန်ပေးခံထားရတာ။ ဘယ်သူက တာဝန်ပေးထားတာလဲ။ ပါတီက တာဝန်ပေးထားတာ။ အဲဒီတော့ ပါတီက အပေါ်ထပ်အဆောက်အအုံမှာရှိနေတယ်။ ပါတီရဲ့အောက်မှာ လွှတ်တော်ရှိတယ်။ ပါတီရဲ့ အောက်မှာ အစိုးရရှိတယ်။ ဒါပေမဲ့ လွှတ်တော်ရယ်၊ အစိုးရရယ်ကြားထဲမှာ အပြန်အလှန် ထိန်းကျောင်းရတယ်။  အခြေခံဥပဒေမှာ ပါပြီးသား။ ဘယ်သူ့ဘယ်သူကမှ အထက်မှာမရှိဘူး။ ဒါပေမဲ့ အပြန်အလှန်ထိန်းကျောင်း ဖို့တာဝန်ရှိတယ်။ အဲဒီတော့ မဏ္ဍိုင်ကြီး သုံးခုရှိတယ်။ အဲဒီမဏ္ဍိုင်သုံးခု အပြန်အလှန်ထိန်းကျောင်းဖို့ဆိုတာ အခြေခံဥပဒေထဲမှာ ပေးထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေအားလုံးဟာ ပါတီက တာဝန်ပေးတယ်ဆိုတာကိုတော့ သိထားရမယ်။ အဲဒီပါတီက တာဝန်ပေးလို့ ကျွန်တော်တို့ လုပ်တယ်ဆိုရင် ဘာမှဘဝင်မြင့်စရာမရှိဘူး။ ဘာမှ အောက်ခြေလွတ်စရာ မရှိဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ပါတီ၊ အစိုးရနှင့်လွှတ်တော်အကြား တွေ့ဆုံမှုများ ပိုမိုများပြားစွာလုပ်ပေးနိုင်ပါက မည်သည့်ခံစားချက်များ ရှိနေလဲ။ ပါတီကလည်း အစိုးရဝန်ကြီးများ၏ အခက်အခဲများကို သိရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်နေရသည်မှာ သူတစ်ပါးနယ်မြေတွင် လုပ်နေရခြင်းဖြစ်ခြင်းကြောင့် နောက်ကျောမလုံဘဲ လုပ်နေရကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း အခက်အခဲများရှိကြောင်း၊ ယင်းတို့အား အပြန်အလှန် တွေ့ဆုံဆွေးနွေး၍ ညီညွတ်မှုတစ်ခုကို တည်ဆောက်ရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
“အဲဒီညီညွတ်မှုက ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့်ခရီးအတွက် အလွန့်အလွန် အရေးကြီးတယ်။ ဒါကြောင့် လွှတ်တော်၊ ပါတီတွေ့ဆုံပွဲ တိုင်းနဲ့ပြည်နယ်အလိုက်လုပ်တယ်။ ပါတီဝင်တွေလည်း သူတို့အခက်အခဲ ပြောတယ်။ လွှတ်တော်ဘက်က ကိုယ်စားလှယ်တွေလည်း ပြောတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီအသံတွေကိုနားထောင်ပြီး ပွင့်ပွင့်လင်း လင်းပြောရရင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ကြမလဲ၊ ဘာတွေ လိုအပ်လဲဆိုတာ။ ဘာလို့လဲ။ ကျွန်တော်တို့ ဒီမိုကရေစီ အမြစ်တွယ်ဖို့အရေးကြီးတယ်။ ကျွန်တော်တို့ စီမံခန့်ခွဲမှုဆက်လိုချင်သေးတယ်။ ဆက်လုပ်ဖို့လိုတယ်။ ဖွံ့ဖြိုးရေး လုပ်စရာတွေ အများ ကြီးကျန်သေးတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
အစိုးရအဖြစ်တာဝန်ယူထားသည့် သုံးနှစ်ခွဲကာလအတွင်းတွင် အောင်မြင်မှုများရရှိထားကြောင်း၊ World Bank အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး ဖွံ့ဖြိုးလျက်ရှိနေကြောင်း၊ ယင်းသို့အလားအလာကောင်းများ ပိုင်ဆိုင်လာရန်အတွက် အစိုးရ၊ လွှတ်တော်နှင့် ပါတီအားလုံးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment