ပြည်ခိုင်ဖြိုးပါတီသည် တိုင်းပြည်အတွက်အရေးကြီးလာပါက အမြဲမားမားမတ်မတ်ရပ်တည်ခဲ့ကြောင်း ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ညောင်တုန်းစုကျေးရွာတွင် ဇူလိုင်လ ၂၀ ရက်ကကျင်းပသော ကျေးလက်စကားဝိုင်းတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ပါတီကဘာလုပ်လဲ။ တိုင်းပြည်အတွက်အရေးကြီးလာပြီဟေ့ အမြဲတမ်းမားမားမတ်မတ် ရပ်တည်ခဲ့တယ်။ ရှေ့လည်းဒီအတိုင်းပဲသွားမှာပဲ။ ကျွန်တော်တို့ပါတီက တရုတ်ပြည်သွားတော့ရှင်းပြခဲ့တယ်။ ကျွန်တော်တို့ပါတီကဘာတွေလုပ်ခဲ့လဲ။ ဘယ်လိုတိုင်းပြည်ကိုကာကွယ်ခဲ့လဲ။ ဆန်ဈေး၊ စပါးဈေးတွေ ဘယ်လိုထိန်းပေးခဲ့တယ်။ ဆီဈေးတွေဘယ်လိုထိန်းပေးခဲ့တယ်။ ကျွန်တော်တို့ပြောရရင်အများကြီးပဲ’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် လူမှုရေးအသင်းအနေဖြင့် တည်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပြည်ခိုင်ဖြိုးပါတီမှ သမ္မတဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရမှ အုပ်ချုပ်ခဲ့ပြီး တယ်လီဖုန်းဆင်းကဒ်ဈေးများလျော့ချပေးခဲ့ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူ စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အား လက်မှတ်ရေးထိုးစေနိုင်ခဲ့သည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment