Sunday, July 21, 2019

ဖမ်းဆီးထားတဲ့ ဗြိတိန်ရေနံတင်သင်္ဘောကို အီရန် စုံစမ်းစစ်ဆေး

ရေကြောင်းစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး ဟော်မုဇ်ရေလက်ကြားမှာ ဖမ်းဆီးခဲ့တဲ့ ဗြိတိန်အလံလွှင့် Stena Impero ရေနံတင်သင်္ဘောကို အီရန်အာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ ခုလို ဗြိတိန်ရေနံတင်သင်္ဘောကို ဖမ်းဆီးထားတာဟာ နိုင်ငံရေးရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ပြီး သင်္ဘောနဲ့ အမှုထမ်း ၂၃ ဦးကို ဟော်မုဇ်ဂန်းတောင်ပိုင်းပြည်နယ် မြို့တော် ဘန်ဒါအက်ဘတ်စ် ဆိပ်ကမ်းမှာ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်က ခုလို ဗြိတိန်ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့တာကြောင့် အီရန်နဲ့ ဗြိတိန်ကြား သံတမန်ရေး ပြဿနာသစ်တွေ ဖြစ်ပွားပေါ်ပေါက်စေပြီး ပါရှန်းပင်လယ်ကွေ့မှာ တင်းမာမှုတွေ မြင့်တက်စေပါတယ်။

ဟော်မုဇ်ဂန်း ဆိပ်ကမ်းနှင့် ရေကြောင်းဌာန ညွှန်ကြားရေးမှူး အလာမိုရက်က အီရန်ငါးဖမ်းလှေတစ်စီးကို ဗြိတိန်ရေနံတင်သင်္ဘောက ဝင်တိုက်တာကြောင့် ဖမ်းဆီးစစ်ဆေးလျက် ရှိတာလို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ရေနံတင်သင်္ဘော အမှုထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့အထိ သင်္ဘောပေါ်မှာပဲ ထားမှာ ဖြစ်ပေမယ့် တရားရေးစစ်ဆေးမေးမြန်းဖို့အတွက်တော့ တရားရုံးအာဏာပိုင်တွေကနေ သူတို့ကို သမ္မန်ဆင့်ခေါ်သွားမှာဖြစ်ကြောင်း အလာမိုရက်က ပြောပါတယ်။
ဗြိတိန်နိုင်ငံကတော့ အီရန်ဖက်က ထုတ်ပြန်တဲ့ ငါးဖမ်းစက်လှေကို ရေနံတင်သင်္ဘောက ဝင်တိုက်တယ်ဆိုတာကို ငြင်းပယ်ပြီး အီရန်ရဲ့ ရန်လိုတဲ့ လုပ်ရပ်အဖြစ် ရှုတ်ချထားကာ လန်ဒန်မှာရှိတဲ့ အီရန်ယာယီသံအမတ်ကြီးကိုလည်း သမ္မန် ဆင့်ခေါ်ခဲ့ပါတယ်။

0 comments:

Post a Comment