ယခုနှစ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်နိုင်ပြီး နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E.Mrs Suphatra Srimaitreephithak က ပြောသည်။
ထိုင်းသံရုံးတွင် ကျင်းပပြုလုပ်သည့် Myanmar Insight Seminar 2019 သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီစီမံကိန်းကတော့ ဒီနှစ်ထဲမှာ ပြန်စနိုင်တယ်။ ဆွေးနွေးညှိနှိုင်းမှုတွေတော့ လုပ်နေပြီ။ အမြန်ဆုံးစတင်နိုင်ဖို့ ကြိုးစားနေပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ် H.E.Mrs Suphatra Srimaitreephithak ကပြောသည်။
အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ယခုလအတွင်း ထားဝယ် အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းဆောင်ရွက်ရန် မြေငှားစာ ချုပ်အတွက် မကြာခင်တွင် အီတာလျံ - ထိုင်း ကုမ္ပဏီသို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။
ယင်းအပြင် စီမံကိန်း၏ အဓိက လမ်းပိုင်းဖြစ်သည့် ထားဝယ် - ထီးခီး နှစ်လမ်းသွားအမြန်လမ်းမကြီးကို ၂၀၁၉ ခုနှစ်အတွင်း အ ကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ အချိန်ကာလအားဖြင့် သုံးနှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“စီမံကိန်းကို မြေပြင်မှာ အမှန်တကယ် ဖြစ်ထွန်းအောင်မြင်စေဖို့အတွက် အခြားအရေးပါတဲ့ အချက်က မြန်မာ၊ ဂျပန်၊ ထိုင်း (၃) နိုင်ငံ အစိုးရက အားတက်သရော ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ ပြီးတော့ စီမံကိန်းလုပ်ငန်းကို ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရေးအတွက် SPV ရုံးခန်းကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့လိုအပ်ပါတယ်”ဟု DSEZ MC ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြော ကြားခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်၏ ပထမအဆင့် စီမံကိန်းတွင် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီနှင့် စီပွားရေးဇုန်ကို ချိတ်ဆက်ပေးသည့် နှစ် လမ်းသွား မော်တော်ကားလမ်း ဖောက်လုပ်ခြင်းနှင့် ရေလှောင်ကန်၊ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ LNG စက်ရုံတို့ပါဝင်သည့် မြို့ပြ စီမံကိန်းတို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပထမအဆင့် စီမံကိန်းကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဓိက ကူညီပံ့ပိုးပေးထားပြီး တရုတ်နိုင်ငံသည် ဆိပ်ကမ်း တည်ဆောက်ရေးကို ပိုမိုအားသန်ကြောင်း သိရသည်။
ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း၏ ပထမအဆင့်ကုန်ကျငွေမှာ ကန်ဒေါ် လာ ၂ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်မှ သိရသည်။
စုသက်နှင်း ( အကုန်သိ သတင်းဌာန )
0 comments:
Post a Comment