ကျောင်းသူများ နှောင့်ယှက်ခံရ၍ သထုံလမ်းတစ်လျှောက် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်၍ စီစီတီဗွီများ တပ်ဆင်သွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
သထုံလမ်းတွင် တီတီစီကျောင်းဆင်းချိန်တွင် ကျောင်းကားများမှလွဲ၍ အခြားပြင်ပကားများရပ်နားခွင့်မပြုရန် စီစဉ်နေကြောင်း ဒေါက်တာသိန်းဝင်းက ပြောသည်။
“တီတီစီက ကျောင်းဆင်းတာက ၃ နာရီ နောက်ဆုံးလွှတ်တယ်။ ဘီအီးဒီကလေးတွေက ကျောင်းဆင်းတာက ၃ နာရီခွဲကနေ ၄ နာရီ၊ ၅ နာရီလောက် အဲဒီလမ်းကို (သထုံလမ်း) ဖြတ်တယ်။ အဲဒါကြောင့်မို့လို့ ဒီလမ်းကိုပိတ်လို့တော့ မရဘူး။ ကျောင်းဆင်းချိန် ပြင်ပမှာ ဖြူ၊ နီကြားတပ်ပြီး ၃ နာရီခွဲနောက်ပိုင်း ဘယ်ကားမှ မရပ်ရတော့ဘူး။ မရပ်ရဇုန် သတ်မှတ်လိုက်မယ်။ ဒါပေမဲ့ ကျောင်းအပို့အကြိုလုပ်နေတဲ့ကားတွေတော့ အပို့အကြိုရပ်ခွင့် ပေးရမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
သထုံလမ်းတစ်လျှောက် စီစီတီဗွီတပ်ဆင်ရန်လည်း ထွေအုပ်၊ ရဲနှင့် အဆင့်မြင့် ပညာဦးစီးဌာနတို့ ညှိနှိုင်းနေကြောင်း သိရသည်။
“တိုင်တွေမှာ စီစီတီဗွီတွေ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်မိအောင် လုပ်ထားတယ်။ လုပ်ထားတော့ တိုင်းဒေသကြီးရယ်၊ အုပ်ချုပ်ရေးမှူးရယ်၊ ရဲရယ်။ အကုန်လုံးကို အဲဒီစီစီတီဗွီ သက်ဆိုင်ရာကျောင်းက ထိန်းချုပ်မှာ မဟုတ်ဘဲ တိုင်းဒေသကြီးရဲကနေပြီး ကိုင်မှာ” ဟု ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
ရန်ကုန်ပညာရေးတက္ကသိုလ် အဆောင်တစ်ဆောင်လျှင် ကျောင်းသူ ၂၀၀ ရှိပါက ကျောင်းသူ ၅၀ ခန့်မှာ ကာယိနြေ္ဒပျက်ပြားစေရန် နှောင့်ယှက်ခံနေရခြင်းကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်ကဆိုသည်။
ဇန်နဝါရီ ၁၈ ရက်က ကမာရွတ်တက္က သိုလ်နယ်မြေ ပြည်၊ ပုဂံ၊ တကောင်း၊ သံပျင်ဆောင်များရှေ့ သထုံလမ်းဘေးတွင်ရပ်ထားသောကားပေါ်ရှိ အမျိုးသားတစ်ဦးက ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသူနှစ်ဦးကို ကာယိနြေ္ဒပျက်ပြားအောင် မဖွယ်မရာလုပ်ပြခဲ့သည့် အမျိုးသားတစ်ဦးကို ပုဒ်မ ၅၀၄ (ခ)ဖြင့် တရားစွဲဆိုခဲ့သော်လည်း ဖြေရှင်းချက်သုံးခုကြောင့် ကမာရွတ်တရားရုံးမှ တရားသေလွှတ်ပေးခဲ့ကြောင်း တရားလိုဖြစ်သူ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မနီလာဝင်းက ပြောကြားသည်။
ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ ကျောင်းသူများ ကာယိနြေ္ဒပျက်ပြားစေရန် နှောင့်ယှက်ခံနေရသည့်အပေါ် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ဒီလိုမျိုးလုပ်တာတော့ လက်မခံဘူး။ လုံခြုံရေးနဲ့ပတ်သက်ပြီး လုပ်ပေးမယ်” ဟု ပြောကြားသည်။
ဇူလိုင် ၂၀ ရက်က ရန်ကုန်တက္ကသိုလ်သို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရောက်ရှိစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကျောင်းသူကျောင်းသားများ နှောင့်ယှက်ခံရသည့် ဖြစ်စဉ်အား ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ လုံခြုံရေးအတွက် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်တချို့တွင် တက္ကသိုလ်ဝင်းအတွင်း ဆိုင်ကယ်များ ပျောက်ဆုံးခြင်း၊ ကျောင်းသူများ အိနြေ္ဒပျက်နှောက်ယှက်ခံရမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment