ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့မှာ ငွေကျပ် ၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၇ ရက် မနက်က မြစ်ကြီးနား မူးယစ်တပ်ဖွဲ့စု ၂ က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ခွန်ဆန် မောင်းနှင်ပြီး ခွန်ဆိုင်း လိုက်ပါလာတဲ့ GRANDIS အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာမှာ ငွေကျပ် ၁,၉၂၇ ဒသမ ၂ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၄၀၉ ကီလိုနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာလည်း ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာအုပ်စု၊ ဘဝါကျေးရွာနေ မြင့်ထွန်းရဲ့ ဥယျာဉ်ခြံတဲကို ရှာဖွေရာ တဲအနောက်ဘက်ရှိ မြေကြီးအတွင်းမှ ငွေကျပ် ၅,၆၈၁ ဒသမ ၆ သိန်း တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၁၄ ဒသမ ၂၀၄ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေနဲ့ ပတ်သက်ပြီး ခွန်ဆန်၊ ခွန်ဆိုင်းနဲ့ မြင့်ထွန်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
DVB
0 comments:
Post a Comment