ရန်ကုန်တိုင်းအတွင်း အစိုးရပိုင်မြေပေါ်တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် အနည်းဆုံး ၁၅ နှစ် ရင်းနှီးမြှပ်နှံနိုင်သူများအတွက် EOI ခေါ်ယူရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းရှိ အစိုးရပိုင်မြေပေါ်တွင် သင့်တင့်မျှတသည့် ဈေးနှုန်းကျပ် သိန်း ၁၀၀ ကျော်ဝန်းကျင်ဖြင့် တန်ဖိုးနည်း အိမ်ရာများဆောက်လုပ်ရန် ဖိတ်ခေါ်ရာတွင် စိတ်ဝင်စားသူများပြားသော်လည်း အနည်း ဆုံး ၁၅ နှစ် ရင်းနှီးမြှုပ်နှံရမည့် ကန့်သတ်ချက်ရှိသဖြင့် အမှန်တကယ် နှစ်ရှည်ရင်းနှီးမြှုပ်နှံနိုင်သူများကိုသာ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
“စိတ်ဝင်စားသူတွေကိုဖိတ်ခေါ်ဖို့ ကျွန်တော်တို့စလုပ်နေပါတယ်။ ကျွန်တော် အခု တစ်ဦးချင်းစီ ခေါ်တွေ့နေတဲ့အချိန်မှ လုပ်မယ်လုပ်ဆိုတဲ့ သူတွေချည်းပဲဖြစ်နေတယ်။ ဒါပေမဲ့ သေချာအောင် ၁၅ နှစ်တော့ မြှုပ်ထားရမယ်။ ဒီမှာ ငါးဘီလျံလောက်မြှုပ်နှံ ထားမယ်ဆိုရင် အဲဒီငါးဘီလျံကို အရစ်ကျစနစ်နဲ့တော့ ဘဏ်ကနေ ပြန်ရသွားမယ်။ အပြီးကြေတဲကာလတစ်ခုရောက်ဖို့ကတော့ ၁၅ နှစ်လောက်ကြာမယ်။ အဲဒီမှာ အမြတ်လည်း သိန်း ၃၀၀၀၊ ၄၀၀၀ လောက် မြတ်ချင်မြတ်သွားမယ်။ သူ့ရဲ့ရင်းနှီးမြှုပ်နှံရမယ့်ကာလက နည်းနည်းရှည်မယ်။ ဒီပုံစံနဲ့ ကျွန်တော်တို့ဆောင်ရွက်မယ်။ အဲဒီမှာ မြေတန်ဖိုးကို မပေါင်းထည့်ဘူး။ အစိုးရပိုင်မြေအဖြစ်နဲ့ပဲ ဒီတိုက်ခန်းကိုတော့ ဝယ်တဲ့သူကပိုင်ဆိုင်သွားမယ် ဆိုတဲ့ပုံစံနဲ့ ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် မကြာခင်မှာ EOI ခေါ်ဖို့ ပြင်ဆင်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောကြားသည်။
ထို့ပြင် ပြည်သူအများစုသည် အခြေခံပြည်သူတွေဖြစ်သဖြင့် အနည်းဆုံး ၁၅ နှစ် ရင်းနှီးမြှုပ်နှံနိုင်သည့်သူကိုသာ သေသေချာချာစိစစ်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမှန်တကယ်ရင်းနှီးမြှုပ်နိုင်သူဖြစ်ပြီး ပြည်သူလူထုဝယ်ယူနိုင်သည့် တန်ဖိုးသင့်တင့်သောနှုန်းဖြင့်သာ ရောင်းပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
ယင်းသို့ နှစ်ရှည်ရင်းနှီးမြှုပ်နှံထားသည့် တန်ဖိုးနည်းအိမ်ရာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွင့်လှစ်ထားသည့် ဗိုလ်တထောင်မြို့နယ်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး Yangon Metropolitan Development Public ၏ အိမ်အရောင်းပြခန်း YangonCity Gallery တွင် ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်ရှိဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်တန်ဖိုး ၃၀ ရာခိုင်နှုန်း ပေးသွင်း၍ ခုနစ်နှစ်၊ ရှစ်နှစ် အရစ်ချငွေပေးချေနိုင်သည့်ပုံစံဖြင့် ရောင်းချပေးလျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment