Sunday, July 28, 2019

အွန်လိုင်းမှရောင်းချနေသည့် H1 N1 ရောဂါပျောက်ဆေးများကို ဝယ်မထိုးဖို့ FDA သတိပေး

Image may contain: one or more people

လူမှုကွန်ရက်စာမျက်နှာ အွန်လိုင်းမှတဆင့် H1 N1 ရာသီတုပ်ကွေးရောဂါပျောက်ကင်းသည်ဟုဆိုကာ ရောင်းချနေသည့်ဆေးများကို ပြည်သူများအနေဖြင့် ဝယ်ယူမသုံးစွဲရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA (နေပြည်တော်)က သတိပေးလိုက်သည်။

ယင်းသို့ရောင်းချနေသည့် ဆေးများသည် FDA တွင် မှတ်ပုံမတင်ထားခြင်း၊ အစစ်ဆေးမခံထားခြင်းတို့ကြောင့် လက်တွေ့တွင် H1 N1 ကာကွယ်ပေးနိုင်၊ မပေး နိုင်ကိုမသိရှိဘဲ အကာအကွယ်မပေးနိုင်သော ဆေးများထိုးမိပါက ငွေကုန်ပြီး ရောဂါကူးစက်မည်သာဖြစ်သောကြောင့် ထိုထိုးဆေးများကို ဝယ်ယူ မထိုးနှံကြရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(နေပြည်တော်) ဆေးဝါးညွှန်ကြား ရေးမှူးဒေါက်တာသိင်္ဂီဇင်က News Watch သို့ ပြောသည်။
''ဒီဆေးတွေကို ပြန်လည်စိစစ်ပြီးတော့ FDA ထောက်ခံချက်မရှိဘဲ ရောင်းချနေတဲ့ဆေးတွေဆိုရင် ပြည်သူတွေကို အသိပေးကြေညာမယ်။ ပြီးရင် သက်ဆိုင်ရာဌာနပေါ့။ ဥပမာ-ရဲတပ်ဖွဲ့တို့၊ ဘာတို့နဲ့ ပူးပေါင်းပြီးတော့ ဒီအွန်လိုင်းကိစ္စတွေကို စီစဉ်ဆောင်ရွက်မှာပေါ့။ အရေးယူမယ့်ကိစ္စကိုလည်း စလုပ်နေပါပြီ''ဟု ၎င်းက ဆိုသည်။
လက်ရှိ ဆေးရုံများတွင် ထိုးပေးနေ သည့် H1 N1 ကာကွယ်ဆေးများမှာ FDA အသိအမှတ်ပြုလက်မှတ် ပါဝင်ပြီးဖြစ်သောကြောင့် စိတ်ချယုံကြည်စွာ ထိုးနှံနိုင်ပြီး အွန်လိုင်းမှတဆင့်ရောင်းချနေသည့်ဆေးများကို ပြည်သူများဝယ်ယူ သုံးစွဲမိပါက မလိုလားအပ်သည့် ရောဂါများ၊ ဘေးထွက်ဆိုးကျိုးများဖြစ်ပွားလာနိုင်ကြောင်း FDA မှ သိရသည်။

''တချို့အွန်လိုင်းက တဆင့်ရောင်း နေတဲ့သူတွေက တရားဝင်ကုမ္ပဏီတွေရှိတယ်။ ကျွန်မတို့လည်း စောင့်ကြပ်ကြည့်ရှုတယ်။ တရားဝင်ကုမ္ပဏီလည်းဖြစ်တယ်။ ကြော်ငြာလည်း မလွန်ကဲဘူးဆိုရင် ကျွန်မတို့က ခွင့်ပြုထားတယ်။ ပြင်သစ်ကုမ္ပဏီကနေပြီးတော့ ဒီဆေးကို ဘယ်လိုသောက်သုံးသင့်တယ်။ ဆရာဝန်ရဲ့ခွင့်ပြုချက်လည်း ရှိတယ်ဆိုရင်တော့ ခွင့်ပြုတယ်။ ဒါပေမဲ့ တရားမဝင်အွန်လိုင်းက ရောင်းချနေတာ တွေကိုတော့ ခွင့်မပြုဘူးပေါ့။ H1 N1 ရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်ရင် ပျောက်တဲ့ဆေးတော့မရှိဘူး။ ကာကွယ်တဲ့ ဆေးတွေတော့ရှိတယ်။ နောက်ဆေးကို ကြော်ငြာတဲ့အခါမှာလည်း ရောဂါပျောက်တယ်လို့ သုံးလို့မရဘူး။ ဒါက စားသုံးသူတွေရဲ့အခွင့်အရေးကို ဖောက်ဖျက်တာပဲ'' ဟု ဒေါက်တာသိင်္ဂီဇင်က ဆက်လက်ပြော ဆိုသည်။
H1 N1 ရောဂါကာကွယ်ဆေးကို အွန်လိုင်းမှတဆင့် တချို့ရောင်းချမှုများသည် ရောဂါပျောက်ကင်းသည်ဟု ကြော်ငြာ ရောင်းချနေခြင်း၊ FDA ထောက်ခံချက်မရှိ သော ဆေးဝါးများဖြစ်ခြင်းတို့ကြောင့် ယင်း ဆေးဝါးများကို FDA အနေဖြင့် ဓာတ်ခွဲစိစစ်နေပြီး မမှန်မကန်ဆေးဝါးများဖြစ်နေပါက ရောင်းချနေသူများကို ရှာဖွေစိစစ်၍ အရေးယူသွားမည်ဖြစ်သည်။
ရာသီတုပ်ကွေးရောဂါ H1 N1 ဖြင့် သေဆုံးသူ ၆၇ ဦးအထိ ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် သေဆုံးမှုဖြစ် ပေါ်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင် ၂၂ ရက် ညပိုင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။
၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဇူလိုင် ၂၂ ရက်အထိ ဓာတ်ခွဲစစ်ဆေးသူ ၈၄၃ ဦးအနက် ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူ ၃၆၂ ဦးရှိကာ သေဆုံးသူ ၆၇ ဦးအထိရှိလာပြီး ရန်ကုန်တိုင်းအတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ ၂ဝ၂ ဦးအနက် သေဆုံးသူ ၅၄ ဦးအထိ ရှိနေပြီဖြစ်သည်။
ကျော်သူ

0 comments:

Post a Comment