Sunday, July 28, 2019

ဗုဒ္ဓရုပ်ပွားတော်များသည် Decoration လုပ်ရန်၊ အနုပညာဖန်တီးရန်မဟုတ်ဘဲ ရိုသေလေးစားမှုဖြင့် အလေးအမြတ်ပြုရန်သာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ပြောကြား

ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထား ဦးခိုက်ရာ ဗုဒ္ဓရုပ်ပွားတော်များသည် Decoration လုပ်ရန်၊ အနုပညာဖန်တီးရန် မဟုတ်ဘဲ ရိုသေလေးစားမှုဖြင့် အလေးအမြတ်ပြုရန်သာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဥပတ္ထမ္ဘက အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ဗုဒ္ဓ၏ ရုပ်ပွားတော်ပုံတူများကို မလျော်မကန် အသုံးပြုမှုများ ရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် Air Pollution by Factories ဟု အမည်ပေးထား သည့် ပန်းချီကားနှင့်ပတ်သက်၍ ဦးမျိုးမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမေရိကန်လို နိုင်ငံကိုယ်၌ကိုက ကျွန်တော်တို့ရဲ့ လူမျိုးရေး ဘာသာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင်က သူတို့အမြင်နဲ့ ဝင်စွက်ဖက်ပြီး ပြောဆိုနေတာတွေရှိတယ်။ သူတို့နိုင်ငံ တစ်နိုင်ငံရဲ့ သံရုံးတစ်ခု အနေနဲ့က ကျွန်တော်တို့နိုင်ငံရဲ့ လူအများစု ကိုးကွယ်တဲ့ အထွတ်အမြတ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဒီလိုပုံစံမျိုးနဲ့ ဖော်ပြတာကတော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေ ရုပ်တုပုံတော်တွေဟာ Decoration လုပ်ဖို့ အလှဆင်ဖို့ အနုပညာဖန်တီးဖို့ မဟုတ်ဘူး။ ဒါက လေးစားမှု Respect ရှိရမယ့် အရာသာဖြစ်တယ်။ သူတို့ ဆော်သြမှု၊ လှုံ့ဆော်မှုလုပ်ချင်ရင် ကျန်တဲ့နည်းလမ်းတွေနဲ့ စည်းရုံးဆော်သြ လှုံ့ဆော်လို့ရပါတယ်။ ထိရောက်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ သူတစ်ပါး အလေးအမြတ်ထားတဲ့ အပေါ်မှာတော့ မလျော်မကန် အသုံးချပြီး မဆော်သြနဲ့ပေါ့။ အခုက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တစ်ခုက ကိုးကွယ်နေတဲ့ ကမ္ဘာ့ရဲ့ ဘာသာကြီး တစ်ခုကို ဒီလိုပန်းချီဆန်ဆန်၊ ကာတွန်းဆန်ဆန် သရုပ်ဖော်ပုံစံ ဆန်ဆန်တော့ မလုပ်သင့်ဘူး။ သူတို့ဘာသာတရားရဲ့ အထွတ်အမြတ်ထားတဲ့ အရာတွေကို အဲဒီလို ပုံတူလုပ်မယ်ဆိုရင် သူတို့ဘာသာဝင်တွေကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်ရင် သိနိုင်တဲ့အရာတစ်ခု ဖြစ်လို့ ဆင်ခြင်သင့်ပါတယ်” ဟု ရန်ကုန်တိုင်း ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုသည်။
အမေရိကန်သံရုံး၏ ဖော်ပြချက်အရ “စက်ရုံတွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့ သစ်တောပြုန်းတီးမှုတွေကို ဆက်လက် ဖြစ်ပေါ်စေပါတယ်။ ဒီလိုသဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအတွက် မိမိတို့အနေနဲ့ တာဝန်ယူ တာဝန်ခံသင့်ပါတယ်” Air Pollution by Factories ဟု အမည်ပေးထားသော ပန်းချီကား ရေးဆွဲရခြင်း၏ နောက်ကွယ်မှ စိတ်ကူးခံစားချက်ဟူ၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment