
မွန်ပြည်နယ်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် - သြဂုတ်လ ၉ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ ဒေသခံမိသားစုများအား အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) မှ တာဝန်ရှိသူများက သြဂုတ်လ ၁၃ ရက်နေ့တွင် သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြေပြိုမှုဖြစ်စဉ်ကြောင့် သေဆုံးသူ (၇၂) ဦးအထိတွေ့ရှိ ထားပြီး ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကာ အဆိုပါ ဖြစ်စဉ်ကြောင့် အိမ်ခြေ (၂၇) လုံး ကျော်နှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း မြေသားများဖုံးလွှမ်းကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက အဆိုပါ ကျေးရွာရှိ ဒေသခံမိသားစု များနှင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး လိုအပ်သည့်အကူအညီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့အပြင် မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် မလတ်တောင်ဒေသတစ်ဝိုက်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Yangon Rescue Organisation အား လှူဒါန်းငွေကျပ် သိန်း (၃၅၀) ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ လှူဒါန်းမှုမှတစ်ဆင့် မြေပြိုမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည့် ဒေသခံမိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၀) သိန်းစီ လက်ခံရရှိကြမည်ဖြစ်ပြီး မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံတွင် ဆေးကူသမှု ခံယူနေသူများအတွက် တစ်ဦးလျှင် ငွေ ကျပ် (၁) သိန်းစီ ပေးအပ်လှုဒါန်းကာ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဘုန်းတော်ကြီးကျောင်း ပြန်လည် တည်ဆောက်ရေးအတွက်လည်း ငွေကျပ်သိန်း (၂၀) မတည် လှုဒါန်းခဲ့ကြောင်း သိရသည်။
ထပ်မံပြီး BFM မှ မြေပြိုမှုဖြစ်ပွားခဲ့သည့် ဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေကြသည့် လူမှုကူညီရေး အဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေးသမားများအတွက် သောက်ရေသန့် (၁၀၀၀) ဗူး၊ ခေါက်ဆွဲခြောက် (၂၇၀) ဖာ၊ ငါးသေတ္တာ (၉၂၀) ဗူး အပါအဝင် မုန့်များနှင့် အခြားလိုအပ်သော စားနပ်ရိက္ခာများကိုလည်း ကူညီထောက်ပံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် စတင်တည်ထောင်ချိန်မှ ယနေ့အထိ နေရာဒေသ အနှံ့အပြား၌ လူမျိုး၊ ဘာသာမရွေး လိုအပ်သော ကဏ္ဍအသီးသီးတွင် ကျပ်ငွေ (၁၅၆) ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။











0 comments:
Post a Comment