Sunday, August 25, 2019

စပိန်မှာ လေယာဉ်ငယ်နဲ့ရဟတ်ယာဉ်တို့ လေပေါ်မှာတိုက်မိလို့ လူ ၇ ယောက်သေဆုံး

Image may contain: sky, airplane, outdoor and nature
စပိန်နိုင်ငံ၊ မာယော့ကာကျွန်းမှာ တနင်္ဂနွေနေ့က ရဟတ်ယာဉ်တစ်စင်းနဲ့ အပေါ့စားလေယာဉ်တစ်စင်း လေပေါ်မှာတိုက်မိလို့ ကလေး ၂ ယောက်အပါအ၀င် လူ ၇ ယောက်သေဆုံးခဲ့ပါတယ်။

အင်ကာမြို့မှာ အခုဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ ဒေသအစိုးရက တွစ်တာမှာပြောပါတယ်။
တိုက်မိလို့ ရဟတ်ယာဉ်ပေါ်ပါသွားတဲ့လူ ၅ ယောက်နဲ့ လေယာဉ်ပေါ်ပါတဲ့လူ ၂ ယောက်လုံးသေဆုံးခဲ့တယ်လို့ ဒေသအစိုးရပြောခွင့်ရသူက AFPသတင်းအေဂျင်စီကိုပြောပါတယ်။
စုံတွဲတစ်တွဲနဲ့ သူတို့ရဲ့ကလေး ၂ ယောက်က ရဟတ်ယာဉ်မှူးနဲ့အတူ ရဟတ်ယာဉ်ပေါ်မှာပါလာတာလို့လည်း ပြောပါတယ်။
ဂျာမနီမှာမှတ်ပုံတင်ထားတဲ့ရဟတ်ယာဉ်ပေါ်ပါသွားတဲ့မိသားစုတွေဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာစုံစမ်းစစ်ဆေးနေပြီး လေယာဉ်နှစ်စင်းဟာ ကွင်းပြင်တစ်ခုထဲပျက်ကျခဲ့တယ်လို့ ရဲတွေကပြောပါတယ်။
မာယော့ကာအပါအ၀င် ဘီလာရစ်ကျွန်းတွေဟာ နွေရာသီဆိုရင် စပိန်နိုင်ငံတွင်းသာမက နိုင်ငံခြားသားခရီးသည်တွေကြားမှာလည်း နာမည်ကြီးပါတယ်။
သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနည်းမိတယ်လို့ စပိန်ဝန်ကြီးချုပ်ပက်ဒရို ဆန်းချက်ဇ်က တွစ်တာမှာပြောထားပါတယ်။
Source-AFP
Photo- Majorcadailybulletin

0 comments:

Post a Comment