Monday, August 26, 2019

မြန်မာ-တရုတ် သီးသန့်စက်မှုဇုန် ထူထောင်ရန် ကမ်းလှမ်းထား

တရုတ်စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် မြန်မာ-တရုတ် သီးသန့်စက်မှုဇုန်တစ်ခု ထူထောင်ရန် ကမ်းလှမ်းထားသည်ဟု ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

"လှိုင်သာယာဘက်မှာ သွားကြည့်လိုက်ရင် တရုတ်တွေက စက်ရုံတွေ တော်တော်များများ လိုက်ငှားပြီးတော့ ဆောင်ရွက်နေတာ တွေ့ပါတယ်။ တရုတ်တစ်ဖွဲ့ကလည်း ကျွန်တော်တို့ကို လာပြီးတော့ စက်မှုဇုန်တစ်ခု တည်ထောင်ချင်တယ်ဆိုတာ ဖြစ်လာပါတယ်။ သူများနိုင်ငံတွေက လုပ်သလို သူတို့လည်း သီးသန့့်် မြန်မာ-တရုတ် စက်မှုဇုန် ထူထောင်ချင်တဲ့ ပုံစံ ဆွေးနွေးလာပါတယ်။"ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ သီးသန့့်် မြန်မာ-တရုတ် စက်မှုဇုန်ထူထောင် ချင်နေသည့် တရုတ်လုပ်ငန်းများမှာ responsible ရှိပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှု များဖြစ်ပါက ဖိတ်ခေါ်နိုင်ရန် ကြိုးပမ်းသွားမည် ဟုဆိုသည်။
လက်ရှိအချိန်ထိ တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် မြန်မာနိုင်ငံသို့ အများဆုံးဝင်ရောက်ထားသည့် နိုင်ငံဖြစ်ပြီး ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ လုပ်ငန်းပေါင်း ၃၇၂ ခုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၈၀၁ မီလီယံရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန် ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် စက်မှုလက်မှု လုပ်ငန်းကဏ္ဍနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက် ချင်သူများအတွက် မြေယာများစွာ ရောင်းချပေးရန်ရှိ ကြောင်းသိရသည်။
ထိုသို့ မြေယာရောင်းချပေးရာတွင် ပုံစံ ၂ မျိုးဖြင့် ရောင်းချပေးရန် ပြင်ဆင်ထားပြီး ယင်းတို့မှာ နေအိမ် ခြံဝင်းဖြင့် နေထိုင်လိုသူများနှင့် စီးပွားရေးလုပ်ငန်းအား အမှန်တကယ် ဆောင်ရွက်မည့် သူများကိုသာ ရောင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
"မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံသူတွေက အမြဲတမ်း မေးပါတယ်။ မြန်မာနိုင်ငံရဲ့ မြေဈေးက ကြီးတယ်။ ကြီးရတဲ့အကြောင်းရင်းက ပုဂ္ဂလိက ကဏ္ဍကနေ မြေကို ကိုင်ထားပြီး အစိုးရကနေ ရင်းနှီးမြှုပ်နှံမှုအတွက် မြေရောင်းချပေးတာတွေ မရှိပါဘူး။ "ဟု ၎င်းကဆိုသည်။
မြေကို နိုင်ငံခြားသားများအား ရောင်းချနိုင်မည် မဟုတ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရဘက်က စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
မြေယာရောင်းချပေးရာတွင် ဒဂုံမြို့နယ် ၄ မြို့နယ်နှင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့ရှိ အစိုးရပိုင်မြေများကို ရောင်းချပေးသွားမည်ဖြစ်သည်။

The Fifth Wave News

0 comments:

Post a Comment