Monday, August 26, 2019

ဆီးချို၊ သွေးချို၏ နောက်ဆက်တွဲရောဂါများကို လျှော့ချနိုင်သည့် ဆေးဝါး မြန်မာနိုင်ငံသို့ ပထမဆုံးတင်သွင်း

Image may contain: 1 person, sitting and indoor
ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် အသုံးပြုနေသည့် ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲရောဂါများကို သုံးပုံတစ်ပုံအထိ လျှော့ချပေးနိုင်သော Dapazin ဆေးဝါးသစ်သည် မြန်မာနိုင်ငံသို့ ပထမဆုံး စတင်တင်သွင်းရောက်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာတင့်ဆွေလတ်က ဩဂုတ် ၂၅ရက်တွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။

'ဆရာဝန်များအတွက် ဆီးချို၊ သွေးချိုကုသရေးမှာ အင်မတန်အရေးပါပြီး အသစ်အဆန်း ဆေးတစ်ခုဖြစ်တဲ့ Dapazin တင်သွင်းလာတယ်။ ဆီးချို သွေးချိုရောဂါကုသရေးတွေက နှစ်စဉ်အမြဲပဲ ပြောင်းနေတယ်။ ဆီးချို၊ သွေးချိုဆိုင်ရာ နားလည်ထားတဲ့ အကြောင်းအချက်တွေလည်း ပြောင်းလဲနေတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ပေါ်လာတဲ့ဆေးဝါးအသစ်တွေဖြစ်တယ်။ ဆီးချို၊ သွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ရောဂါတွေကို အနည်းဆုံးသုံးပုံတစ်ပုံလောက်အထိ လျှော့ချနိုင်တယ်။ အဲဒီဆေးဝါးတွေပေါ်လာပြီ။ အကျိုးကျေးဇူး၊ အားသာချက်တွေ၊ သတိထားရမယ့် အချက်တွေ၊ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေကို ဆရာဝန်များအား တွေ့ဆုံဆွေးနွေးပြောကြားခြင်းဖြစ်တယ်'ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ဆီးချို၊သွေးချိုကုသရေးမှာ အင်မတန်အရေးပါအင်ဆူလင် အစရှိသော ဆေးဝါးများကိုလူတိုင်းသိရှိထားပြီးဖြစ်ပြီး ယခုစတင်ဝင်ရောက်လာသော ဆေးဝါးသည် အမေရိကန်နှင့်အင်္ဂလန်နိုင်ငံမှ သုတေသီများ၏ လေ့လာမှုစစ်တမ်းအရ သွေးချိုရောဂါကိုကျစေခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းကြောင့် သေဆုံးမှုကို လျော့ကျစေခြင်း၊ကျောက်ကပ် ပျက်စီးခြင်းကို ကာကွယ်နိုင်ခြင်းစသည့် အစွမ်းသတ္တိများရှိကြောင်း ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်ကပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်းအရ လူ ၁၀ ဦးတွင်တစ်ဦးမှာ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနေပြီး ရောဂါဖြစ်တော့မည့် အကြိုလက္ခဏာရှိသည့် လူဦးရေလည်း များလာကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၂ ဒသမ ၅ သန်းမှာ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနေပြီး ၅ ဒသမ ၅ သန်းမှာ ရောဂါဖြစ်ရန် စိုင်းပြင်းနေသည် ဟု သိရသည်။
ပြည်သူလူထုအနေဖြင့် ဟင်းသီးဟင်းရွက်စားသုံးမှုအလွန်နည်းခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုများ အလွန်များခြင်း၊ အရက်သေစာသောက်စားမှုများခြင်း၊ ကွမ်းစားမှုအများဆုံး နိုင်ငံဖြစ်နေခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကို စားသောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် ယခုကဲ့သို့ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုများနေကြောင်း သိရသည်။ အဆိုပါဆေးဝါးသစ်ကို ZAR & ZAR ကုမ္ပဏီလိမိတက်က ပထမဦးဆုံး စတင်တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - အေးမြတ်မွန်(ယုဇန)

0 comments:

Post a Comment