Tuesday, February 26, 2019

ရန်ကုန်-မန္တလေး အမြန်လမ်းမ မြေယာလျော်ကြေးရရှိရေးနှင့် အလွဲသုံးစားထုတ်ယူသူများ အရေးယူပေးရေး မလှိုင်မြို့တွင် သိမ်းဆည်းခံတောင်သူများ ဆန္ဒထုတ်ဖော်



ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၃၀၂)မိုင် ခြောက်ဖာလုံနှင့် (၃၀၈)မိုင် ခုနစ်ဖာလုံကြားမြေယာများ လျော်ကြေးပြန်လည် ရရှိရေးနှင့် မြေယာလျော်ကြေးလိမ်လည်ထုတ် ယူသူများအား အရေးယူပေးရေးတို့အတွက် သိမ်းဆည်းခံတောင်သူများက မလှိုင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 
“ကျွန်တော်တို့ ဆန္ဒပြရတဲ့အကြောင်းရင်းက နိုင်ငံတော်ကနစ်နာကြေး အမှန်တကယ်ပေးသော်လည်း နစ်နာသူတောင်သူများ မရရှိဘဲ မြေယာမရှိသူများကို အလွဲသုံးစား ထုတ်ပေးထားတာ ပေါ်လွင်စေချင်လို့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာပါ။ အမြန်လမ်းဖောက်ရာမှာပါသွားတဲ့ မြေတွေအတွက် ၂၀၁၅ မှာနိုင်ငံတော်က မြေယာလျော်ကြေးပေးပါတယ်။ ယာမြေတစ်ဧကကို နိုင်ငံတော်က ၁၀ သိန်းပေးတယ်။ လယ်မြေကို ၁၂ သိန်း ပေးတယ်။ အမြန်လမ်း (၃၀၂ )မိုင်ခြောက် ဖာလုံကြားနဲ့ ၃၀၈ မိုင်ခုနစ်ဖာလုံကြားက ကျွန်တော်တို့ လယ်ယာမြေတွေ ရှိပါတယ်။ကျွန်တော့်တို့ ပိုင်ဆိုင်မှုပုံစံ(၇)တွေရှိပါတယ်။ကျွန်တော်တို့ တောင်သူအစစ်အမှန်တွေ လုံးဝမရခဲ့ပါဘူး။ အဲဒီလိုမရတာ တောင်သူ ၂၂ ဦး စာရင်းပြုစုလို့ရပါတယ်။ ကျွန်တော်တို့ လက်လှမ်းမှီသလောက် စာရင်းပြုစုထားတာပါ။ ပိုင်ဆိုင်မှုလယ်ယာမြေပုံစံ (၇) နဲ့ လယ်ယာ ကုန်ထုတ်စာအုပ်ရှိတယ်။ လက်ရှိတောင်သူ လုပ်နေဆဲအချိန်မှာရှိတယ်။ အမှန်တကယ်ရှိတဲ့ လူတွေမရဘဲနဲ့ မရှိတဲ့လူတွေ ရသွားတယ်။ အလွဲသုံးစားထုတ်ပေးသွားတယ်။ တာဝန်ရှိ သူ ဆိုင်ရာဝန်ထမ်းတွေကို အရေးယူပေးဖို့ ကျွန်တော်တို့ ဆန္ဒပြတာပါ” ဟု ဒေသခံ တောင်သူဦးမြင့်ကျော်က ပြောကြားသည်။ 

အဆိုပါဆန္ဒထုတ်ဖော်မှုအား ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက မလှိုင်မြို့ စိုက်ပျိုးရေးခြံရှေ့တွင်စတင်ခဲ့ပြီး မလှိုင်မြို့နယ် အတွင်းရှိ ငါးတစ်ပုံကျေးရွာ၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပင်းတလဲ၊ တဲစုကျေးရွာစသော ကျေးရွာများမှ အမြန်လမ်းမြေသိမ်းဆည်းခံ ဒေသခံတောင်သူ ၃၀ ခန့်လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြကာ မြေယာလျော်ကြေး အလွဲသုံးစားပြုသူများ အရေးယူပေးရေး၊ လျော်ကြေးငွေလိမ်ညာထုတ်ပေးသူ၊ ထုတ်ယူသူ အရေးယူပေးရေး၊ ပြည်သူ့ကိုယ်စားလှယ်များ အမှန်တရားကိုမျက်နှာမူပါ၊ လက်သန်းများကို ပြန်ကြည့်ပါ၊ အကျင့်ပျက်ဝန်ထမ်းများဖယ် ရှားပေးရေး၊ ဟန်ပြစစ်ဆေးသူ တာဝန်ရှိသူများ အလိုမရှိ အလိုမရှိ၊ ပြည်သူအစိုးရကို ကန့်လန့်တိုက်သော ဝန်ထမ်းများစစ်ဆေးပေးရေးစသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။ 

Eleven Media Group



0 comments:

Post a Comment