Tuesday, February 26, 2019

လူမြင်ကွင်းတွင် လင်မယားနှစ်ဦးကို ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်းရိုက်သတ်သော သားအဖနှစ်ဦးအမှုအား ပုဒ်မထပ်တိုးအမှုဖွင့်ထားပြီး CID သို့ လွှဲပြောင်းစစ်ဆေး


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက တောင်ငူမြို့နယ် မြို့သစ်နယ်မြေရဲစခန်းအပိုင် ကေတုမတီမြို့သစ် ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေး လူမြင်ကွင်း၌ ရန်ကုန်မြို့နေ လင်မယားနှစ်ဦးအား လမ်းဘေးမှ တွေ့သော ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်း ရိုက်သတ်သော ကေတုမတီမြို့သစ်နေ သားအဖနှစ်ဦးအား အခင်းဖြစ်ပွားပြီး အမှုဖွင့် အရေးယူထားသော ဥပဒေပုဒ်မအပြင် ပြည်သူပိုင်ပစ္စည်းပုဒ်မ ၆ (၁) ဖြင့် ထပ်တိုးအမှုဖွင့်ထားပြီး ၎င်းအမှုအား တောင်ငူခရိုင်မှုခင်း တပ်ဆွယ် (CID) သို့ လွှဲပြောင်းစစ်ဆေးလျက်ရှိကြောင်း မြို့သစ်နယ်မြေရဲစခန်းမှ သိရသည်။ 
ပုဒ်မထပ်တိုးအမှုဖွင့်ထားသည့် အခြေအနေနှင့်ပတ်သက်ပြီး မြို့သစ်နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်လင်းက “ပုဒ်မထပ်တိုးတာက ပြစ်မှုကျူးလွန်တဲ့အခါကျတော့ ကြွေသီးနဲ့လုပ်တာလေ။ ကြွေသီးနဲ့လုပ်တော့ ကြွေသီးက ကွဲကြေပဲ့သွားတာပေါ့နော်။ အဲဒီကြွေသီးဆိုတာက နေအိမ်တွေမှာ ပြည်သူလူထုသုံးတဲ့ ပစ္စည်းမှမဟုတ်တာ။ ဒါက အစိုးရရဲ့လျှပ်စစ်မီးလိုင်းတွေမှာ သုံးတဲ့ပစ္စည်းတွေ၊ အဲဒီတော့ အစိုးရနဲ့ပတ်သက်တဲ့ ပစ္စည်းတစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာရင်တော့ သက်ဆိုင်ရာဥပဒေနဲ့ မှန်ကန်မှုရှိလား၊ မရှိလားဆိုတာကို အမှုဖွင့်ပြီးတော့မှ အတည်ပြုတဲ့သဘောပါပဲ။ မှန်ကန်မှုရှိ မရှိ ဖော်ထုတ်ဖို့အတွက်ကို လုပ်တဲ့သဘောပါ။ သာစေနာစေဆို တဲ့ဆန္ဒတွေမပါဘူး” ဟု ရှင်းလင်းပြောကြားသည်။ 

ဖေဖော်ဝါရီ ၂၁ ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပုသိမ်လမ်းနေထိုင်သူ ဦးစိုးလင်းသန်း (ဗိုလ်မှူးငြိမ်း) (၄၉ နှစ်)(ဘ)ဦးသန်း၊ အင်္ဂလန်အခြေစိုက် သင်္ဘောကပ္ပတိန်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်း (၄၅ နှစ်)(ဘ)ဦးစိုးမြင့်နှင့် သမီးဖြစ်သူ မသော်တာထက်စံ (၁၅ နှစ်)တို့မှာ ရန်ကုန်မြို့မှ ကေတုမတီမြို့သစ်၊ မင်းကြီးဆွေရပ်ကွက်သို့ ရောက်ရှိခဲ့ပြီး အဆိုပါရပ်ကွက်နေ ဦးရဲဝင်း ၅၁ နှစ် (ဘ) ဦးတိုးကြည်ထံမှ ပြီးခဲ့သော ၂၀၁၂ ခုနှစ်ခန့်က ဝယ်ယူထားသောခြံမြေအား ခြံမြေဂရန် သက်တမ်းတိုးရန်နှင့် ခြံစည်းရိုးကာရံရန်အတွက် ဦးရဲဝင်း၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မိတ္တူတောင်းခံရာမှ စကားအချေအတင်များ၍ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ ရန်ဖြစ်ခဲ့ပြီးနောက် ဦးရဲဝင်း နေအိမ်အနီး Moe – Z ဆိုင်ကယ် Work Shop ရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး လူမြင်ကွင်းတွင် ဦးရဲဝင်းနှင့် ၎င်း၏ ဖခင်ဖြစ်သူ ဦးတိုးကြည် (၇၁) နှစ်တို့က ရန်ကုန်မြို့နေ ဦးစိုးလင်းသန်းနှင့် ဇနီးဖြစ်သူတို့ ဦးခေါင်းအား အနီးရှိ သံရိုးတပ် ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်းထုရိုက်ခဲ့၍ လင်မယားနှစ်ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည့်အပြင် သမီးဖြစ်သူ မသော်တာထက်စံမှာလည်း ဝဲချိုစောင်းဖူးရောင်နာကျင်ဒဏ်ရာ၊ ဝဲတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာနှင့် ယာလက်မတွင် ပွန်းခြစ်ဒဏ်ရာ များရရှိသွားခဲ့ရာ မြို့သစ်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၁၅/၁၁၄ တို့ဖြင့် ကနဦးအမှုဖွင့်ဆောင်ရွက်ခဲ့သည်။ 

ထို့ပြင် ဦးရဲဝင်းတို့သားအဖ ထုရိုက်အသုံးပြုခဲ့သော သံရိုးတပ်ကြွေသီးမှာ အစိုးရပိုင်ဖြစ်သောကြောင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် နိုင်ငံတော်ပိုင်ပစ္စည်းဖျက်ဆီးမှုပုဒ်မ ၆/၁ ဖြင့် ထပ်မံအမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း မြို့သစ်နယ်မြေရဲစခန်းမှ သိရသည်။ 

၎င်းအမှုအား တောင်ငူခရိုင် မှုခင်းတပ်ဆွယ် (CID) မှလက်ခံစစ်ဆေးလျက်ရှိရာ ပြစ်မှုကျူးလွန်သူ ဦးရဲဝင်းနှင့်ဖခင်ဖြစ်သူ ဦးတိုးကြည်တို့ သားအဖနှစ်ဦးအား ပထမအကြိမ် ချုပ်ရမန်ရယူစစ်ဆေးလျက်ရှိပြီး လာမည့် မတ် ၇ ရက်တွင် ဒုတိယအကြိမ်ချုပ်ရမန်ရယူ၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့သစ်နယ်မြေရဲစခန်းမှ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment