Tuesday, February 26, 2019

အောင်ရဲထွေး သေဆုံးခဲ့သည့်အမှုမှ နောက်ဆုံးပြန်ခေါ်သက်သေနှစ်ဦး မလာ၍ ရုံးချိန်း ပြန်ချိန်း


ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ရှိနေသည့် ပြန်ခေါ်သက်သေ နှစ်ဦး မလာသောကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ မတ်လ ၁၂ ရက်နေ့သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။ 
နောက်ဆုံးကျန်ရှိနေသည့် ပြန်ခေါ်သက်သေဖြစ်သော အောင်ရဲထွေး၏ ချစ်သူမပွင့်ကေခိုင် (ခ) ပိုပိုနှင့် ကောင်းမြတ်ဝင်း(ခ)နွားကြီးတို့ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရုံးချိန်းသို့ မလာရောက်သောကြောင့် အမှုမစစ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ 

စွဲချက်တင်ခံထားရသည့် သန်းထွဋ်အောင်(ခ)သားကြီးနှင့်ပြည့်ဖြိုးအောင်(ခ)အောင်လေး ၊ ကျော်ဇောပာန် (ခ)ကျော်ဇောတို့ကို ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးမှုများ မရှိခဲ့ကြောင်း သိရသည်။ 

ဖေ့ဘွတ်ခ်ဆယ်လီနှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်မှာ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် The One Entertainment ၌ အရိုက်ခံခဲ့ရခြင်းဖြစ်ပြီး ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ဇန်နဝါရီ ၂ ရက်၊ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ 

အောင်ရဲထွေးသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး သန်းထွဋ်အောင်(ခ) သားကြီးနဲ့ ပြည့်ဖြိုးအောင် (ခ) အောင်လေးကို လူသတ်မှု ပုဒ်မ ၃၀၂ ပိုဒ်ခွဲ (၂) နဲ့ စွဲချက်တင်ကြောင်း အမိန့်ချခဲ့မှတ်ခဲ့ပြီး ကျော်ဇောဟန် (ခ) ကျော်ဇောကို လူသတ်မှု ဖြစ်ပေါ်လာစေရန် ပူးပေါင်းကြံစည်မှုပုဒ်မ ၃၀၂ ပိုဒ်ခွဲ (၂) / ၁၁၄ နဲ့ စွဲချက်တင်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇန်နဝါရီလ ၇ ရက်နေ့က အမိန့်ချမှတ်ထားသည်။ 

Mizzima

0 comments:

Post a Comment