မြန်မာနိုင်ငံ သံနှင့် သံမဏိ ပစ္စည်းများ ဆိုင်ရာ စံချိန်စံညွှန်း အမြန်ဆုံး ပေါ်ထွက်လာစေရေးအတွက် အမျိုးသားစံချိန် စံညွှန်းကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ဇူလိုင် ၂၃ ရက်တွင်ပြောသည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက မြန်မာနိုင်ငံ သံနှင့် သံမဏိ ပစ္စည်းများ ဆိုင်ရာ စံချိန်စံညွှန်းများအဖြစ် JIS ကို ကိုးကား၍ မြန်မာနိုင်ငံ ရာသီဥတု၊ သဘာဝ ဘေး အန္တရာယ်တို့နှင့် ကိုက်ညီအောင် ရေးဆွဲပြဋ္ဌဌာန်း ကျင့်သုံးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌လိုအပ်နေသော သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီကို ၁၉-၁၁-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းထားရှိခဲ့ပြီးဖြစ်ကြောင်း၎င်း ဆပ်ကော်မတီကို မြန်မာနိုင်ငံသံနှင့် သံမဏိအသင်း(MISA) နှင့် မြန်မာနိုင်ငံ သံမဏိ လုပ်ငန်းရှင်များ အသင်း(MSA)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ တက္ကသိုလ်များ နှင့် နယ်ပယ်စုံမှကျွမ်းကျင်ပညာရှင်များဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏သဘာဝအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် မြန်မာနိုင်ငံ စက်မှုဆိုင်ရာစံချိန်စံညွှန်း(MIS)ကို အမြန်ဆုံး ပေါ်ပေါက်လာစေရေး အတွက် သံနှင့်သံမဏိ ပစ္စည်းဆိုင်ရာ နည်းပညာဆပ်ကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
၎-၂-၂၀၁၉ ရက်နေ့တွင် သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီမှ ဦးဆောင်ပြီး နိုင်ငံတကာသံနှင့်သံမဏိပစ္စည်းဆိုင်ရာ စံချိန်စံညွှန်း အကြောင်းအရာများ ဆွေးနွေးပွဲကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော် ၌ ကျင်းပပြီးစီးခဲ့ပြီး ဆွေးနွေးပွဲ၏ရလဒ်အဖြစ် သံနှင့်သံမဏိကဏ္ဍဍတွင် မြန်မာနိုင်ငံ စက်မှု ဆိုင်ရာ စံချိန်စံညွှန်း(MIS) အမြန်ဆုံးပေါ်ထွက်လာရန် JISF မှ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(Cooperation Program)ကိုလည်း ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်သတ်မှတ်ပြီး အကူအညီများပေးသွားမည် ဖြစ်သည်။
လက်ရှိအသုံးပြုနေသည့် ASTM Standards များကို အချိန်ကာလတစ်ခုအထိသာ ဆက်လက် အသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး မိမိဒေသ သဘာဝနှင့် အနီးစပ်ဆုံးဖြစ်သည့် JIS စနစ်သို့ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းကူးပြောင်းသွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ JIS ကို အခြေခံသော မြန်မာသံမဏိဆိုင်ရာ စံချိန်စံညွှန်း MIS ကို အတည်ပြုသည့်အချိန်တွင် ကြုံတွေ့ လာနိုင်မည့် အခက်အခဲများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
သို့ဖြစ်ပါ၍ သံနှင့်သံမဏိဆိုင်ရာ ကုန်သွယ်မှုကဏ္ဍဍ၌ ဒေသတွင်း နိုင်ငံများနှင့် ဆက်သွယ် ဆောင်ရွက်သည့်အခါတွင် စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံးတူညီမှုရှိစေရေးနှင့် သဘာဝ ဘေးအန္တရာယ်ကင်းဝေးစေရေး၊ သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ ရာသီဥတုနှင့် ကိုက်ညီမှု ရှိသည့် မြန်မာ့စက်မှု ဆိုင်ရာစံချိန်စံညွှန်း MIS ကို သတ်မှတ်အတည်ပြုနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ရေရှည်ပြည့်စုံကောင်းမွန်သော စံချိန်စံညွှန်းများ ဖြစ်စေရေး အတွက် လည်း JISF ၏အကူအညီဖြင့် အထောက်အပံ့များယူကာ ပူးပေါင်းဆောင်ရွက်သွားမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကပြန်လည်ဖြေကြားခဲ့သည်။
The Ladies News







0 comments:
Post a Comment