စေတနာ့ဝန်ထမ်းဆရာမအဖြစ် ဆယ်စုနှစ်ကျော်ကြာလုပ်ကိုင်နေသော မသန်စွမ်းဆရာမ ဒေါ်အိအိညိမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက “မသန်စွမ်းထူးချွန်အမျိုးသမီးဆု” ပေးအပ်မည်ဖြစ်ကြောင်း ကာယကံရှင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက “ဆရာမကို ဒီဆုပေးအပ်ချီးမြင့်ဖို့ ဝန်ကြီးဌာနက အဖွဲ့ချုပ်ကို သဘောထားမှတ်ချက်တောင်းခံလို့ ထောက်ခံတင်ပြထားပြီး ဖြစ်ပါတယ်။ ဒီဆုဟာလည်း ဆရာမလေးကို ပေးအပ်ချီးမြှင့်သင်တယ်လို့ဆိုပြီး ဗဟိုကော်မတီအစည်းအဝေးပွဲတစ်ခုမှာ အားလုံးသဘောတူလက်ခံခဲ့ကြတာပါ”ဟု ပြောကြားသည်။
အဆိုပါ ဆုကို လာမည့် ဇူလိုင် ၃ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဖိတ်ကြားစာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးပို့ထားပြီးဖြစ်ကြောင်း ဆရာမဒေါ်အိအိညိမ်းက ပြောကြားသည်။
ပုဂံ-ညောင်ဦးမြို့ ဧရာဝတီမြစ်တစ်ဖက်က်ကမ်းရှိ အရှေ့သီရိအထက်တန်းကျောင်းခွဲမှ ဒေါ်အိအိညိမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ဗဟို) က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် “မီးအိမ်ရှင်ဆု” ချီးမြှင့်ခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန်နိုင်ငံရောက် မြန်မာအသိုင်းဝိုင်းမှ ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်အထူးဆုကို ရရှိခဲ့သည်။
The Voice
0 comments:
Post a Comment