Saturday, August 29, 2020

NLDပါတီဝင်ဟောင်း တစ်သီးပုဂ္ဂလ မွတ်စလင်အမတ်ကိုယ်စားလှယ်လောင်းတစ်ဦးအား မော်လမြိုင်ခရိုင်ရွေး/ကော် မှ ပယ်ချ

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ကိုကိုယ်စားလှယ်လောင်းအရည်အချင်း မပြည့်မီသည့်အကြောင်းပြချက်ဖြင့် မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၆ တွင် ပယ်ချခဲ့ကြောင်းသိရသည်။
၎င်း၏ဖခင်မှာ အမျိုးသားမှတ်ပုံတင် (အမတ) ကိုသာ ကိုင်ဆောင်ထားသူဖြစ်၍ ရွေးကောက်ပွဲဥပဒေနှင့် ညိစွန်းနေသည်ဟုဆိုကာ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ပယ်ချခံရသူ ဦးမောင်မောင်က ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကလည်း ကမ္ဘာကို ကြေညာထားတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘူးလို့ ပြောထားတယ်။ သို့သော် ဒီနေ့ ကျွန်တော် ခွဲခြားခံနေရတယ်” ဟု ဆိုသည်။
၎င်း၏ ဖခင်ဖြစ်သူမှာ ၁၉၇၁ တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်၍ ထိုအချိန်က ကိုင်ဆောင်ခဲ့သည့် အမျိုးသားမှတ်ပုံတင် (အမတ) သာရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲဥပဒေကို ကျော်လွန်လုပ်ဆောင်နေကြောင်းနှင့် ၎င်းကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချရန် အချိန်များစွာရှိခဲ့သော်လည်း ရက်ကပ်ပြီးပယ်ခဲ့သည့်အတွက် အယူခံဝင်ရန် အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်းလည်း ဦးမောင်မောင်က ပြောကြားခဲ့သည်။
ဦးမောင်မောင်မှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် မွေးဖွားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ စတင်တည်ထောင်ချိန်ကတည်းကပင် ပါတီဝင်ခဲ့သူဖြစ်ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကိုယ်စားပြုပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မဲဆန္ဒနယ် (၁)မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့ရာ ရွေးချယ်ခြင်းမခံရသည့်အတွက် ပါတီမှ နုတ်ထွက်ကာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သူဖြစ်သည်။

0 comments:

Post a Comment