မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ လမ်းများနှင့် စက်စဲကျေးရွာ ၊ ကျုံကဒတ်ကျေးရွာလမ်းများသည် သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးရေလျံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"မနက် ၇ နာရီလောက်မှာ တောင်ရေကျလို့ ရေတွေလည်းလမ်းပေါ်တက်လာတာ ပထမက ဖောင်စိန်လမ်းနဲ့ မြို့ပေါ်ရပ်ကွက်တွေ ရေစတက်လာတာပေါ့ မြို့ထဲ ကျောင်းပိုင်းရပ်အနိမ့်ပိုင်းက အိမ်အချို့ကတော့ နီးစပ်တဲ့ဆွေမျိုးအိမ်တွေကိုပြောင်းနေခဲ့တာရှိပါတယ် ဖောင်စိန်လမ်းနဲ့ မြို့ထဲကတော့ သိပ်ကြီးကြီးမားမားမရှိပါဘူး ကားတွေလည်းပုံမှန်သွားလို့ရနေပါတယ်၊ အဲ့ကနေပြီးတော့ ဒီ ကျိုက္ခမီသွားတဲ့ဘက် ကျုံကဒတ်ရွာနားက အဇင်းတံတားနဲ့ စက်စဲဆင်းတဲ့ဘက် စမ်းကြီးကွေ့တံတားနေရာတွေကတော့ ကားတွေဆိုင်ကယ်တွေဖြတ်သန်းလို့ မရအောင်ကိုရေတွေတက်လာပါတယ် " လို့ သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းတာဝန်ရှိသူ ဦးကျော်ဝင်းမှ ရေကြီးမှုအခြေနေအားပြောသည်။
အဆိုပါ သံဖြူဇရပ်နှင့် ကျိုက္ခမီကြား ကျုံကဒတ်ကျေးရွာ အဇင်းတံတားလမ်းပိုင်းနှင့် စက်စဲကျေးရွာ စမ်းကြီးကွေ့တံတားလမ်းပိုင်းနေရာများ၌ ယာဥ်များဖြတ်သန်းသွားလာမှုများအား ခေတ္တရပ်နားထားရပြီး ယာဥ်အစီရေ ၃၀ ကျော်ခန့်သည် အချိန် ၂ နာရီနီးပါးခန့် ဖြတ်သန်း၍ မရခဲ့ကြောင်း သိရသည်။
အခုလိုလမ်းရေကျော်တာနဲ့ပတ်သက်ပြီး သွားရောက်ကူညီခဲ့တဲ့ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းကို မေးမြန်ရာမှာတော့ "ဒီနေ့ ၉ နာရီကျော်ကျော်လောက်မှာ ကျုံကဒတ် လမ်းရေကျော်နေတယ်လို့ သတင်းကြားလို့ ကျနော်တို့လည်း ထွက်ပါတယ် အဲ့မှာ ရေက ၃ ပေကျော်တက်နေတယ် ဆိုင်ကယ်တွေဖြတ်လို့မရလို့ ယာယီဖောင်တွေ၊ ကားအမြင့်တွေပေါ် ဆိုင်ကယ်တွေတင်ပြီး ဖြတ်ဖို့ကူညီပေးခဲ့ပါတယ်၊ တချို့ကားအနိမ့်တွေကိုလည်း ဖြတ်သန်းခြင်းမပြုဖို့ မေတ္တာရပ်ခံတာတွေလုပ်ခဲ့ရတာရှိပါတယ် အဲ့ဒါပြီးတော့ နေ့လည် ၁၁ နာရီလောက်မှာ စက်စဲလမ်းဘက်က လမ်းရေထပ်တက်တယ် အဲ့ဘက်မှာလည်း ခုဏ ကလိုမျိုးတွေလုပ်ဆောင်ပေးပြီးမှ ရေကျတယ်ဆိုမှပြန်လာခဲ့ကြတာပါ" ဟု လမ်းရေကျော်မှုအား ကွင်းဆင်းသွားရောက်ကူညီခဲ့သည့် စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ ကိုမင်းသားမှဆိုသည်။
သံဖြူဇရပ်မြို့လမ်းပိုင်း၃ ခု၌ ယနေ့ ရေကြီးရေလျံမှုများဖြစ်ပေါ်ခဲ့ပြီး သံဖြူဇရပ်မြို့ရှိ ပရဟိတအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အဆိုပါရေကြီးမှုအား သွားရောက်ကူညီပေးခဲ့ကြပြီး နောက်ဆုံးသတင်းအရ ညနေ ၃ နာရီအချိန်၌ ယာဥ်များ အားလုံးဖြတ်သန်းသွားလာလို့ရနေကြောင်း သိရသည်။
Crd : ရာမညတိုင်း(မ်)
0 comments:
Post a Comment