မြန်မာနိုင်ငံအစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ထံ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားက ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးတတိယနှစ်စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၅ သန်းတန်ကြေးရှိ ချက်လက်မှတ်တစ်စောင်ကို ပေးအပ်ခဲ့သည်။
“တတိယနှစ်စီမံကိန်းများအရ ချင်းပြည်နယ်တွင် လမ်း၊တံတား ၉ စင်းနှင့် ကျောင်း ၅ ကျောင်းတည်ဆောက်ခဲ့သည်။ ထိုစီမံကိန်းများအား အကျိုးခံစားရမည့် ကျေးရွာပေါင်း ၈၂ ရွာပါဝင်သည့် မြို့နယ် ၉ မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။ အကျိုးခံစားခွင့်ရှိသူများတွင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂၈၀၀၀ ပါဝင်သည်။” ဟု မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးထုတ်ပြန်ချက်တွင်ပါဝင်သည်။
“နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ကျေးရွာပေါင်း ၈၀ ပါဝင်သည့် မြို့နယ် ၃ မြို့နယ်အတွင်းတွင် လမ်း၊ တံတား ၁၄ စင်း၊ ကျောင်း ၆ ကျောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာန ၁ ခုဆောက်လုပ်ခဲ့ပါသည်။ ယခုစီမံကိန်းများအရ အကျိုးခံစားရ မည့်ကျေးလက်နေပြည်သူများ ခန့်မှန်းခြေအားဖြင့် ၄၉၀၀၀ ခန့် ရှိပါသည်။” ဟုလည်းသိရသည်။
ထို့ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်မြောက်ကာလစုစုပေါင်းစီမံကိန်းများမှာ ချင်းပြည်နယ်နှင့် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လမ်း၊တံတားများ၊ ကျန်းမာ ရေးဌာနများ၊ ကျောင်းများစသည့် တည်ဆောက်ရေးစီမံကိန်းပေါင်း ၁၄၁ ခုအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးထားပြီး အချို့သောစီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေ သည်။
အိန္ဒိယ – မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ (MoU) ကို အိန္ဒိယ နိုင်ငံဝန်ကြီး ချုပ်၏ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ မေလတွင် လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။
ထိုနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသည် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အခြေခံအဆောက်အဦးများနှင့် သက်မွေးဝမ်းကြောင်းမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းထောက်ပံ့မည်ဖြစ်သည်။
Ref ; People Media
0 comments:
Post a Comment