Friday, September 4, 2020

ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ညွှန်ကြားချက်တွေ မရသေးတဲ့အတွက် ပါတီတွေအခက်အခဲဖြစ်နေ

နိုင်ငံရေးပါတီတွေအနေနဲ့ ရက်(၆၀) မဲဆွယ်စည်းရုံးရေးကာလဟာ စက်တင်ဘာလ (၈)ရက်မှာ စတင်ရမှာဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကော်မရှင်က ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေး စည်းမျဉ်းစည်း ကမ်းတွေ မချမှတ်သေးတဲ့အတွက် ပြင်ဆင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ နိုင်ငံရေးပါတီတွေရဲ့ ပြောကြားချက်အရ သိရပါတယ် ။
ဒီလိုစောင့်ဆိုင်းနေရတဲ့အတွက် နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ဆောင်ဖို့ အစီအ စဉ်ချမှတ်တာတွေ နှောင့်နှေးနေရပြီး လမ်းညွှန်ချက်အတိအကျကိုမသိရတဲ့အတွက်ရွေးကောက်ပွဲကော်မရှင် ရဲ့ သတ်မှတ်ချက်တွေနဲ့ ငြိစွန်းတာတွေရှိလာမှာကို နိုင်ငံရေးပါတီတွေက စိုးရိမ်နေတာဖြစ်ပါတယ် ။
" UEC က ရွေးကောက်ပွဲအတွက် ကိုဗစ်ကာလ ညွှန်ကြားချက်တွေကို အတိအကျထုတ်ပေးသင့်နေပြီ။၈ ရက် နေ့ဆိုတာ ဘာမှမလိုတော့ဘူး ။ အဲဒီကြေညာချက်ထွက်ပြီး တစ်ခါထဲ စည်းရုံးရေးကောက်ဆင်း လို့မှမရတာဗျာ။ စီစဉ်ရမှာတွေကရှိသေးတယ် ။ UEC က အင်မတန်အားနည်းချက်များနေတယ် ။ဘာမှပြင် ဆင်ခွင့်မရှိအောင်ကို အကုန်လုံးကိုနောက်ကျ နောက်ကျပြီးတော့ လုပ်နေတာ။ဒါသိပ်အဓိပ္ပါယ်မရှိဘူး။ ဒါကြီးဖြစ်နေမှာက သိနေရဲ့နဲ့ စောစောစီးစီးညွှန်ကြားချက်ထုတ်ရမှာလေ။ ၈ ရက်နေ့ဆင်းဖို့ ၆ ရက် ၇ရက်မှထုတ်တော့ ဘယ်နားကစီစဉ်ချိန်နဲ့ဘာသွားလုပ်မလဲ"လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွန့် ပြောပါတယ် ။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကလည်း မဲဆွယ်စည်းရုံးဖို့ အစီအစဉ်တွေရှိပေမဲ့ ကော်မရှင်ရဲ့ ညွှန်ကြားချက်ကို စောင့်နေတယ်လို့ ဆိုပါတယ်။
" မဲဆွယ်စည်းရုံးရေးကတော့ UECရဲ့ ညွှန်ကြားတဲ့ စည်းမျည်းတွေအတိုင်းပဲလုပ်ဆောင်မှာပါ။ဒီဒစ်ဂျစ်တယ် ပေါ့၊ အွန်လိုင်းမီဒီယာတွေသုံးရမယ်။ ဒစ်ဂျစ်တယ်ကမ်ပိန်းကိုကြိုးစားအားထုတ်ရမှာပေါ့။ သူများနည်းတူပါပဲ သိပ်ထူးခြားတာမရှိပါဘူး။ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကိုတော့ ကျွန်တော်တို့စောင့်ကြည့်လေ့လာရဦးမှာပေါ့"လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ် ။
ကိုဗစ်ကာလဖြစ်တဲ့အတွက် ညွှန်ကြားချက်တိတိကျကျရမှသာ အဆင်ပြေမယ်လို့ ပါတီများက ပြောနေကြပါတယ်။
" မဲဆွယ်စည်းရုံးရေးအတွက် ညွှန်ကြားချက်မရောက်သေးဘူး ကျွန်တော်တို့ဆီ။ ဘာလုပ်လို့ရတယ်ဆို ဘာညာဆိုတာ သူတို့ပြောတာလည်းပြောတာပဲလေ ။ ညွှန်ကြားချက်လိုတယ်လေ။ညွှန်ကြားချက်ရမှ တရားဝင်ဖြစ်မှာပေါ့ ။ အရင်တုန်းကဆိုရင်တော့ သူတို့ညွှန်ကြားချက်ထုတ်တာနဲ့ ပြည်နယ်ကော်မရှင်က ခေါ်ပြီးတော့ ပြောတယ် ။ အဲဒါကိုမျှော်နေတာပဲ ။ ဘယ်လိုလှုပ်ရှားရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ တို့ဆီမရောက်သေးဘူး။ ဘာလှုပ်ရှားရမှန်းတောင်မသိဖြစ်နေတယ်။လှုပ်ရှားလိုက်ရင် အရင်တုန်းက ထုတ်ပြန်ချက်တွေရှိပေမယ့် ကိုဗစ်ကာလနဲ့မဆိုင်ဘူးလေ။ဒါက အခက်အခဲဖြစ်နေလို့ စောင့်ကြည့်နေတာ ဒီရက်ကို ဘယ်ရက်များ အဲဒီဟာ လာမလဲလို့ " လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ် ။
Ref ; Duwun

0 comments:

Post a Comment