Thursday, September 10, 2020

COVID-19 လူနာများအတွက် ဖောင်ကြီးဆေးရုံကြီးကိုထပ်မံတိုးချဲ့လျက်ရှိသည့်အပြင် လိုအပ်ပါကပုဂ္ဂလိ ကဆေးရုံတစ်ရုံကိုလည်း အသုံးပြုနိုင်ရန်ပြင်ဆင်နေ

COVID-19 လူနာများအတွက် ခုတင် ၅၀၀ ပြင်ဆင်ထားသည့် ဖောင်ကြီးဆေးရုံကြီးတွင် ၄၉၅ ဦး၊ ဝေဘာဂီဆေးရုံကြီး၌ ခုတင် ၉၀ တွင် ၆၇ ဦး၊ တောင်ဥက္ကလာ ဆေးရုံကြီး၌ ခုတင် ၆၀ တွင် ၅၇ ဦး တက်ရောက်ကုသနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
စက်တင်ဘာ ၉ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိထားသည့် စာရင်းအရ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ၄၉၅ ဦး၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ၆၇ ဦး၊ တောင်ဥက္ကလာပ အ ထူးကုဆေးရုံကြီးတွင် ၅၇ ဦး၊ တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီးတွင် ကိုးဦး၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် တစ်ဦး စုစုပေါင်း ၆၂၉ ဦးရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လက်ရှိ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသောလူနာ စုစုပေါင်း ၁၃၂၉ ဦး ရှိကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၀၀၉ ဦးရှိကြောင်း၊ လက်ရှိအထိ ဆေးရုံဆင်းခွင့်ရရှိပြီးသူ ၅၅၃ ဦးရှိကြောင်း ၊စက်တင်ဘာ ၉ ရက်တွင် စောင့်ကြည့်လူနာ PUI များအနက် ဓာတ်ခွဲစစ်ဆေးခဲ့သူ ၂၂၁ ဦးတွင် ၆၄ ဦး၌ ပိုးတွေ့ရှိခဲ့ပြီး အသွားအလာကန့်သတ်ထားရှိသူ ၂၄၉၃ ဦးအနက် ၁၀ ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်းနှင့် ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့သူ ၁၃၈ ဦး အနက် ၁၂၃ ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
“လက်ရှိ COVID Positive လူနာတွေ ကုတာ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာအထူးကုဆေး ရုံကြီး၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ဆေးရုံကြီးတွေ တချို့ခရိုင် မြို့နယ်ဆေးရုံတွေရှိပါတယ်။ လက်ရှိ COVID ကို လက်ရှိအချိန်မှာ တာဝန်ယူပြီးကုသပေးနေတဲ့ဆေးရုံ လောလောဆယ်မှာ ၄၀ ရှိပါတယ်။ ဒီနေ့အထိ လူနာ ၂၀၀၉ ဦးကို ကုသပေးနေတာပါ။ ရန်ကုန်မှာတော့ ဖောင်ကြီးရယ်၊ ဝေဘာဂီရယ်၊ တောင်ဥက္ကလာရယ်ကတော့အဓိက သုံးရုံပေါ့။ ဝေဘာ ဂီဆေးရုံမှာက လူနာ ၉၀ လောက်ဆံ့တယ်။ တောင်ဥက္ကလာကတော့ ၆၀ လောက်ဆံ့တယ်။ ဖောင်ကြီးက တော့ လူ ၁၀၀၀ အများဆုံး ၂၀၀၀ အထိ ဆံ့အောင်စီစဉ်ထားပါတယ်။ အခုလောလောဆယ်မှာ ဖောင်ကြီးမှာ လူ ၅၀၀ ကျော် ပြည့်သွားလို့ နောက်ထပ် ၅၀၀ ထပ်တိုးချဲ့ဖို့အတွက် ဆောင်ရွက်နေပါပြီ။ နောက်တစ်ခုက ကျွန်မတို့ရဲ့ဆေးရုံဆင်းတဲ့သတ်မှတ်ချက်က ပြောင်းလဲလိုက်တဲ့အတွက် အခုဆို လူနာက ၂၄ ရက်ကျော်ပြီ ဒါမှမဟုတ် ရောဂါလက္ခဏာသက်သာပြီးတဲ့သူတွေ မနေ့ကပဲ ရာနဲ့ချီဆင်းတာကို တွေ့မှာပါ။ ဒီနေ့လည်း ထပ်ဆင်းဖို့ အများကြီးရှိပါတယ်။ သက်သာသွားတဲ့ လူနာတွေ ဆင်းသွားတဲ့အတွက် ခုတင်တွေလည်း လွတ်လာပါပြီ။ အရင်တုန်းကတော့ သူ့ရဲ့ ဆေးရုံဆင်းတဲ့သတ်မှတ်ချက်က နှစ်ကြိမ် Negative ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိနေတဲ့အခါကျတော့ တချို့လူနာတွေဆို ရက်ပေါင်း ၇၀ ၊ ၈၀၊ ၉၀ ကျော်လောက်အထိ ရှိခဲ့တယ်။ အခုဆိုရင် ဒါတွေဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဆေးရုံဆင်းတာမြန်ရင် ဆေးရုံတွေမှာ ခုတင်လို အပ်ချက်တွေလည်း နည်းသွားတာပေါ့။ အခုဆိုလည်း ဖောင်ကြီးကို ထပ်တိုးချဲ့ဖို့ ပြင်နေသလို နောက်ထပ် ပုဂ္ဂလိကဆေးရုံတစ်ခုကိုလည်း လိုအပ်လို့ရှိရင် သုံးဖို့လည်း ပြင်ဆင်နေပါတယ်။ ဒါ့အပြင် သိပ်မဆိုးတဲ့သူတွေဆိုရင် နောက်ထပ် ဘယ်လိုထားမလဲဆိုတဲ့ အစီအစဉ်တွေ၊ ပိုးတွေ့ပေမယ့် ရောဂါလက္ခဏာမပြတဲ့သူတွေ၊ အသက်လည်းငယ်တယ် နောက်ခံရောဂါလည်းမရှိတဲ့သူတွေကို သီးခြားတစ်နေရာမှာ ကုသပေးဖို့ စီစဉ်နေတာရှိပါတယ်။ လက်ရှိအနေအထားအရတော့ ကျွန်မတို့ နိုင်နိုင်နင်းနင်းနဲ့ ဆောင်ရွက်နိုင်ပါတယ်။
နောက်ထပ်တိုးလာခဲ့ရင်လည်း ထားနိုင်ဖို့အတွက် နောက်ထပ်အစီအစဉ်တွေ ပြင်နေတာတွေလည်း ရှိပါတယ်” ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
လက်ရှိ စောင့်ကြည့်လူနာများတွင် ပိုးတွေ့ရှိမှုနှုန်းမှာ ၃ ဒသမ ၈၉ ရာခိုင်နှုန်း၊ အသွားအလာကန့်သတ် ထားရှိသူများတွင် ပိုးတွေ့ရှိမှုနှုန်း ၀ ဒသမ ၂၇ ရာခိုင်နှုန်းနှင့် ပိုးတွေ့လူနာဖြင့် အနီးကပ်ထိတွေ့သူများတွင် ပိုးတွေ့ရှိမှုနှုန်းမှာ ၁၁ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာများအနက် ICU တွင် အထူးကြပ်မတ်ကုသနေရသူ ၁၅ ဦးရှိပြီး အခြေအနေဆိုး၍ အောက်ဆီဂျင်ပေးနေရသူ ၁၅ ဦး ရှိကြောင်းလည်း သိရသည်။
လက်ရှိ ICU တွင် တက်ရောက်ကုသလျက်ရှိသော လူနာများနှင့်ပတ်သက်၍ ဒေါက်တာခင်ခင်ကြီးက “မနေ့ကအထိတော့ ICU ၁၇ ယောက်မှာ ဝေဘာဂီ ခုနစ်ယောက်ရယ် တောင်ဥက္ကလာ ရှစ်ယောက်ရယ် ဖောင်ကြီးနှစ်ယောက်ရယ် ရှိတာမှာ ဖောင်ကြီးနှစ်ယောက်ကတော့ ဆုံးသွားပြီ။ ဒီနေ့မနက် သတင်းမှာ ပါပါတယ်။ ဒီနေ့မှာတော့ ICU မှာ ၁၅ ယောက်ကျန်ပါတယ်။ နောက်ပြီး အောက်ဆီဂျင်ပေးရတဲ့သူ ၁၅ ယောက်လည်း ရှိပါတယ်။ ဝေဘာဂီ သုံးယောက်၊ စစ်တွေတစ်ယောက်၊ ဖောင်ကြီး ၁၀ ယောက်၊ ကန်တော်နဒီ တစ်ယောက် ရှိပါတယ်” ဟု ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ စက်တင်ဘာ ၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ပိုးတွေ့ရှိမှုအခြေအနေအရ အင်းစိန်မြို့နယ်တွင် ၈၁ ဦး၊ လှိုင်မြို့နယ်တွင် ၇၂ ဦး၊ ကမာရွတ်မြို့နယ်တွင် ၅၆ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၇၅ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၅၂ ဦး၊ ဗိုလ်တထောင်မြို့နယ်တွင် ၃၉ ဦး၊ တာမွေမြို့နယ်တွင် ၅၁ ဦး၊ မင်္ဂလာဒုံမြို့နယ်တွင် ၃၆ ဦး၊ တောင်ဥက္ကလာပမြို့နယ်တွင် ၆၂ ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ၂၅ ဦး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ၃၀ ဦး၊ ဗဟန်းမြို့နယ်တွင် ၁၈ ဦး၊ သာကေတမြို့နယ်တွင် ၃၄ ဦး၊ စမ်းချောင်းမြို့နယ်တွင် ၂၁ ဦး၊ ပုစွန်တောင်မြို့နယ်တွင် ၁၉ ဦး၊ လှိုင်သာယာမြို့နယ်တွင် ၂၃ ဦး၊ ကျောက်တံတားမြို့နယ်တွင် ၁၆ ဦး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၅ ဦး၊ ပန်းဘဲတန်းမြို့နယ်တွင် ၁၁ ဦး၊ ရွှေပြည်သာမြို့နယ်တွင် ခြောက်ဦး၊ လှည်းကူးမြို့နယ်တွင် ကိုးဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၁၈ ဦး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ၁၀ ဦး၊ ဒေါပုံမြို့နယ်တွင် ရှစ်ဦး၊ ဒဂုံမြို့နယ်တွင် ၁၄ ဦး၊ ရန်ကင်းမြို့နယ်တွင် ၁၀ ဦး၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင် ခုနစ်ဦး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၁၀ ဦး၊ အလုံမြို့နယ်တွင် ၁၀ ဦး ၊ သန်လျင်မြို့နယ်တွင် လေးဦး၊ မှော်ဘီမြို့နယ်တွင် နှစ်ဦး၊ ကျောက်တန်းမြို့နယ်တွင် တစ်ဦး၊ တွံတေးမြို့နယ်တွင် သုံးဦး၊ ဒလမြို့နယ်တွင် သုံးဦး၊ လမ်းမတော်မြို့နယ်တွင် ခြောက်ဦး၊ ကော့မှူးမြို့နယ်တွင် သုံးဦးရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (Coronavirus Disease 2019- COVID-19) ကြိုတင်ကာကွယ်ရေးလုပ် ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့်လူနာများ တွေ့ရှိရမှုများပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home လိုအပ်ကြောင်း အမိန့်ကြေညာစာထုတ်ပြန်ထားသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ခဲ့သည့် မြို့နယ်များမှာ တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့ နယ်၊ ရန်ကင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောက်တံတား မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒေါပုံမြို့နယ်၊လမ်းမတော်မြို့နယ်၊ လှည်းကူးမြို့နယ်တို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
Source - Eleven

0 comments:

Post a Comment