Tuesday, September 1, 2020

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ကန့်သတ်ပိတ်ဆို့မှုကို စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက မနီလာမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် အသွားအလာကန့်သတ်မှုကို အင်္ဂါနေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။
မြို့တော်မနီလာသည် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး ဖြစ်ပွားသော နေရာဖြစ်ပြီး နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်း၏ ၅၇ ရာခိုင်နှုန်း နီးပါး ကူးစက်လူနာရှိသော မြို့တော်ဖြစ်သည်။
သမ္မတ ဒူတာတေးက နှာခေါင်းစည်းတပ်ဆင်ရန်နှင့် ခပ်ခွာခွာနေထိုင်ကြရန် ယမန်နေ့ညနှောင်းပိုင်းက ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။
ကိုယ်ခံအားကျဆင်းသူ၊ ရောဂါအခံရှိသူနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အထူးသဖြင့် အသက် ၂၀ နှစ်အောက်နှင့် ၆၀ နှစ်အထက် ရှိသူများ နေအိမ်မှာပင် နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။
လူစုလူဝေးပြုလုပ်ခြင်းကိုလည်း ခွင့်မပြုကြောင်းနှင့် သယ်ယူပို့ဆောင်ရေးစနစ်ကို အကန့်အသတ်ဖြင့် ခွင့်ပြုမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ခရီးသည်များအနေဖြင့် ခပ်ခွာခွာနေထိုင်ရန်နှင့် နှာခေါင်းစည်းများနှင့် မျက်နှာဖုံးများ တပ်ဆင်ရန် လိုအပ်သည်။
ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ၊ ဘဏ်များနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းအရောင်းဆိုင်များကို ဖွင့်လှစ်ထားမည် ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၅၇၅၆၂ ဦး အပါအဝင် ကူးစက်ခံရသူ ၂၂၀၈၁၉ ဦး ရှိကြောင်းနှင့် သေဆုံးသူ ၃၅၅၈ ဦး ရှိကြောင်း သိရသည်။

0 comments:

Post a Comment